

၁၃.၁၂. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ်လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်မှုအတွက် စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် ထိပ်ဆုံးနိုင်ငံများ စာရင်းမှာရပ်တည်နေကြောင်း IRC အဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
IRC အဖွဲ့သည် IRC Emergency Watchlist 2025 အမည်ရှိ နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၃ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။IRC Emergency Watchlist 2025 ၏ ထိပ်ဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် ဆူဒန်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ပါလက်စတိုင်းက ဒုတိယနှင့် မြန်မာနိုင်ငံက တတိယနေရာတွင်ရပ်တည်နေကာ ဆီးရီးယား၊ တောင်ဆူဒန်၊ လက်ဘနွန်၊ ဘာကီနာဖာဆို၊ ဟေတီ၊ မာလီနှင့် ဆိုမာလီယာနိုင်ငံတို့က ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ရပ်တည်နေကြောင်း သိရသည်။
International Rescue Committee (IRC) သည် ကမ္ဘာတဝှမ်းရှိနိုင်ငံများအနက် လူသားချင်းဆိုင်ရာစာနာမှုအကူညီအရေးပေါ်လိုအပ်မှုအတွက် စောင့်ကြည့်ရမည့် နိုင်ငံပေါင်း ၂၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် IRC Emergency Watchlist 2025 စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ IRC အဖွဲ့ ထုတ်ပြန်ချက်များအရ လူဦးရေ စုစုပေါင်း ၅၄ ဒသမ ၆ သန်းရှိသော မြန်မာနိုင်ငံတွင် လူပေါင်း ၁၉ ဒသမ ၉ သန်းက လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေပြီး နိုင်ငံ့လူဦးရေ၏ သုံးပုံက လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က လက်နက်ကိုင်ပဋိပက္ခများဖြစ်လာခဲ့ပြီး နေရပ်စွန့်ခွာသူအရေအတွက်မြင့်တက်လာခဲ့ကာ လူပေါင်း ၃ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရသည်ဟု IRC အဖွဲ့က ဖော်ပြထားသည်။ ထို့အပြင်မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူအရေအတွက် ၆၀၅၂ ဦးရှိနေပြီး ပြီးခဲ့သောနှစ်များထက် အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက ကျန်းမာရေးနှင့်ပတ်သက်သော အဆောက်အဦး လူပုဂ္ဂိုလ်များ တိုက်ခိုက်ခံရမှုအဖြစ်အပျက်ပေါင်း ၁၅၀၀ ကျော်ဖြစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုအများဆုံးခံရသည့်နိုင်ငံများစာရင်းတွင်ပါဝင်နေသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီးနိုင်ငံတကာ၏ ကူညီထောက်ပံ့ပေးမှုက ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိမြို့အများစုသည် ရာသီဥတုပြောင်းလဲမှုနှင့် စစ်ပွဲကြောင့် သက်ရောက်မှုများကို ခြိမ်းခြောက်ခံနေရဆဲဖြစ်ကြောင်း IRC အဖွဲ့ကဖော်ပြထားသည်။
Ref, IRC