၁၂.၁၂.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ပြည်ကြီးမင်္ဂလာကားကြီးကွင်းရှိ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ပြည်ကြီးမင်္ဂလာ ကားကြီးကွင်းရှိ အလျားပေ ၁၂၀၊အနံပေ ၆၀ ရှိ ၆ခန်းတွဲနှစ်ထပ်သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်း တိုက်တန်းမှ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် အောက်ထပ်မျက်နှာကြက်
ရှိ LED မီးသီး အပူလွန်ကဲ၍ အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ ၆ ခန်းတွဲ ၂ ထပ် အဆောက်အအုံတစ်လုံး၊ ကုန်ပစ္စည်းများ၊ ကားဂိတ်အပြင်တွင် ရပ်ထားသော ၁၂ ဘီးကားခေါင်းပိုင်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကားဂိတ်ထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေနဲ့၊ ဂိတ်ရှေ့မှာရပ်ထားတဲ့ ၁၂ ဘီးကားခေါင်းပိုင်း မီးထဲပါသွားတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၅ စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၇၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၁ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကားဂိတ်မီးလောင်မှုနှင့်ပတ်သက်၍ ဂိတ်တာဝန်ခံ အသက် ၄၁ နှစ်အရွယ် ဦးကျော်မင်းခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် မြစ်ငယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။