ဖြိုးဝေ
၁၂.၁၂.၂၀၂၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေး (၁၆)ကြိမ်အထိ ဆုံးဖြတ်ချက် ၅၆၀ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်နဲ့ ၁၁ လ ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ၁၇,၂၅၈ မှုကနေ ခန့်မှန်းတန်ဖိုးကျပ် ၃၇၉ ဒသမ ၂၄၇ ဘီလျံ ဖမ်းဆီးရမိခဲ့တယ်လို့ SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောကြားလိုက်ပေမဲ့လည်း ဒီဖမ်းမိပမာဏဟာ ပြည်ပနိုင်ငံတွေရဲ့ ကုန်သွယ်မှုစာရင်းတွေနဲ့ တိုက်စစ်မယ်ဆို များစွာလျော့နည်းနေလို့ အခုထက် လေးဆပိုဖမ်းနိုင်ရေးကြိုးပမ်းဖို့ တိုက်တွန်းခဲ့တာကို ဒီတစ်ပတ်မှာ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဒီဘဏ္ဍာနှစ် ၈ လအတွင်းမှာ FDI ဝင်ရောက်မှုက ဒေါ်လာ ၂၇၅ သန်းတောင် မပြည့်တာ၊ ပြည်သူတွေဆီက ဆုံးရှုံးမှု ကျပ် ၂၂၁ ဘီလျံကျော်အပါအဝင် နိုင်ငံတော်က ကျပ် ၄၄၆ ဘီလျံကျော် ထိခိုက်ပျက်စီးခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ဆုံးရှုံးမှုတွေအတွက် ကျပ် ဘီလျံ ၃၀ ကျော်ဖိုး အစိုးရက ထောက်ပံ့ကူညီပေးထားပေးပြီးပြီဆိုတဲ့ဖြစ်စဉ်အချို့ ရှိပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့စီးပွားရေး အကျပ်အတည်းပြေလည်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေက အဓိကကျတဲ့အကြောင်း၊ တရုတ်ကြွေးမြီတွေက ကြွေးမြီထောင်ချောက်မရောက်ခဲ့တဲ့ အကြောင်းနဲ့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကို စိန်ခေါ်နေတဲ့ ရည်ညွှန်းစျေးနဲ့ ပြင်ပစျေးက တစ်ကျပ်သား ကျပ် ၈ သိန်းလောက် ကွာဟမှုဂယက်တွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ မြန်မာ့စီးပွားရေး အကျပ်အတည်းပြေလည်ဖို့အတွက် အဓိကကျတဲ့ ရွှေ့ပြောင်းလုပ်သား
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက အားရစရာမရှိဘဲ မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ လက်ရှိ ဘဏ္ဍာရေးနှစ် မတ်လ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးခန့်မှန်းချက်ဟာ အနုတ် ၁ ရာခိုင်နှုန်းဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဘဏ်ရဲ့ အရင်ခြောက်လက ခန့်မှန်းချက်ထက်ပိုပြီး လျော့နည်းတဲ့ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ဖြစ်တယ်လို့ ပြောလာသလို ကုန်ကြမ်းပြတ်လတ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ဝယ်လိုအားနည်းမှုတို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍ အသီးသီးတို့က တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမယ်လို့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက မြို့နယ်စုစုပေါင်းရဲ့ ထက်ဝက်ခန့်ဟာ ပဋိပက္ခအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ဒီအချက်က ကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးနဲ့ နယ်စပ်ကုန်စည် ကူးသန်း ရောင်းဝယ်ရေးအပေါ် ဆက်လက် အကျိုးသက်ရောက်နေမယ်လို့လည်း ပြောခဲ့ပေမဲ့ ပြည်ပကို အလုပ်အကိုင်ရွှေ့ပြောင်းလုပ်ကိုင်ခြင်းက အကျပ်အတည်းကိုဖြေရှင်းတဲ့ အရေးပါတဲ့ နည်းလမ်း တစ်ရပ်ဖြစ်တယ်လို့ ထူးထူးခြားခြား ဖော်ပြခဲ့ပါတယ်။
လတ်တလောကောက်ယူခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ လေ့လာမှုစစ်တမ်းအရ ထိုင်းနဲ့မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်ခြင်းက ပြည်တွင်းထက် နှစ်ဆကနေ သုံးဆ၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ထံ သွားရောက်အလုပ်လုပ်ကိုင်ခြင်းက ပြည်တွင်းထက် ၁၀ ဆကျော်အထိ ဝင်ငွေပိုမိုရရှိနေတယ်လို့ ထုတ်ဖော်ခဲ့သလို မြန်မာ့အိမ်ထောင်စုတွေရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းအတွက် ပြည်ပလုပ်သားပြန်ပို့ငွေဟာ ဝင်ငွေရတဲ့လမ်းဖြစ်နေတယ်လို့လည်း ပြောပါသေးတယ်။
ကမ္ဘာဘဏ်ရဲ့ ထိုင်း-မြန်မာနိုင်ငံဆိုင်ရာအစီအစဉ်ဦးဆောင်သူနဲ့ အကြီးတန်းစီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ကင်မ်အယ်လန်အဒ်ဝပ်ကလည်း” လတ်တလော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုဖြစ်ပေါ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းနှစ်ခုရှိပါတယ်။ မြန်မာနိုင်ငံစီးပွားရေးရဲ့ မရေမရာအနေထားအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေတွေကြောင့် သက်ရောက်မှုတွေဖြစ်လာခဲ့တယ်။ လတ်တလော ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုအများစုက အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့လမ်းကြောင်းတွေကနေ သွားလာလုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက အလုပ်သမားအတွက် ငွေကြေးကုန်ကျမှု ပိုမိုများပြားစေသလို အကျိုးအမြတ်ရခြင်းလည်း နည်းပါးစေတယ်။ တရားဝင်လမ်းကြောင်းကနေ ပြည်ပကိုသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှသာ အလုပ်သမားလက်ခံတဲ့တိုင်းပြည်ရော၊ မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေပါ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိခံစားနိုင်မှာဖြစ်ပါတယ်”လို့ သုံးသပ်ပြောဆိုတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားက လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းအစီရင်ခံစာအရ အသက် ၁၅ နှစ်နဲ့အထက် အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားရှိသူဦးရေက ၂၀၂၃ ခုနှစ်မှာ ၃၉ ဒသမ ၂၁ သန်းလို့ ဖော်ပြပါတယ်။ ဒီအထဲမှာ ပြည်ပကို တရားဝင်သွားရောက်အလုပ်လုပ်သူက အစိုးရစာရင်းအရ ၂၀၂၄ မေလအထိ ၁ ဒသမ ၈ သန်းကျော်ပဲရှိတယ်လို့ သိရပြီး တရားမဝင်ပြည်ပရောက်နေသူက ၅ သန်း တွက်ဆလိုက်မဲ့ လက်နက်ကိုင်သွားတဲ့သူက ၁ သိန်းပဲတွက်မယ်၊ အလုပ်လုပ်နေတဲ့သူက ၂၀၂၃ ခုနှစ်ထဲမှာ လူ ၂၃ သန်းကျော်ရှိတယ်ဆိုတဲ့ ချိန်ဆမှုနဲ့ တွက်မယ်ဆိုရင် အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားမှာ လူငယ် ၁၀ သန်းလောက်အထိ အလုပ်လက်မဲ့ဖြစ်နေလို့ ပြည်ပကို အများအပြားထပ် ပို့နိုင်တဲ့ အခြေအနေမြင်ရပါတယ်။ အသေးစိတ်စိစစ်တွက်ချက်ကြည့်မယ်ဆိုရင် စည်းကမ်းစနစ်ကျနစွာလုပ်မယ်ဆိုရင် ပြည်ပထွက်တဲ့ပမာဏ၊ စစ်မှုထမ်းပမာဏ၊ လိုအပ်ချက်၊ အကုန်လုံးက ချိန်ဆလို့ရတာ မြင်ရပါတယ်။ ချိန်ဆလုပ်မှုမရှိဘဲ အုတ်ရောရော၊ ကျောက်ရောရော အမိန့်တစ်ခုတည်းပဲ ထုတ်နေပြီး ပြည်ပထွက်ဖို့ လိုတာထက် ပို တင်းကျပ်နေမယ်ဆိုရင်တော့ ပြည်ပထွက်တဲ့လူငယ်တွေဆီက ငွေကြေးရယူတယ်ဆိုတဲ့ ဖြစ်စဉ်တွေကလည်း ထုတ်ဖော်ရေးသားခံနေရဦးမယ်ဆိုတာ အသေအချာပါပဲ။
◾ ကြွေးမြီထောင်ချောက်မရောက်ခဲ့တဲ့ တရုတ်ကြွေးမြီ
မြန်မာနိုင်ငံဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၂ ဒသမ ၁ ဘီလျံလောက်ရှိပြီး အများဆုံးကတော့ ဂျပန်နိုင်ငံကနေ ၃၆ ရာခိုင်နှုန်းလောက် ချေးယူထားတာလို့ ကမ္ဘာ့ဘဏ်က ဖော်ပြလာပါတယ်။ ဒုတိယအများဆုံးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ၂၈ ရာခိုင်နှုန်းခန့်နဲ့ ပုဂလိက ငွေကြေးချေးငှားသူတွေဆီက ၁၅ ရာခိုင်နှုန်းလို့ဖော်ပြလာခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာ အတိုးနှုန်းမြင့်တဲ့ တရုတ်ချေးငွေတွေ၊ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ကြွေးမြီထောင်ချောက်ကို တရုတ်မုန်းတီးရေးလှုံဆော်သူတွေ တစ်ချိန်လုံးပြောကြပေမဲ့ တရုတ်ဆီက မြန်မာနိုင်ငံချေးယူမှုဟာ ပြည်ပကြွေးမြီအားလုံးရဲ့ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ သန်း ၇၂၀ ခန့်သာရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံနဲ့ ဆက်ပြီးဖော်ဆောင်မယ့်စီမံကိန်းတွေဟာ ဒေါ်လာဘီလျံဆယ်ချီရှိတာမို့လို့ သီရိလင်္ကာက ဟန်ဘန်တိုတာဆိပ်ကမ်းလိုမဖြစ်ဖို့နဲ့ ကြွေးမြီထောင်ချောက် မကျရောက်ရေး စိစစ်လုပ်ဆောင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဒါ့အပြင် ပြည်ပကြွေးမြီကိစ္စမှာလည်း မဲမသမာမှု၊ အဂတိမှုတွေနဲ့ စွပ်စွဲပြစ်တင်ဖြုတ်ချခံရတဲ့ NLD အစိုးရဟောင်းအပါအဝင် မြန်မာအစိုးရအဆက်ဆက် ချေးငှားလာတဲ့အကြွေးတွေကို လက်ရှိ နစကအစိုးရလက်ထက်မှာ တစ်နှစ် တိုးရင်းပေါင်း ဒေါ်လာ သန်း ၇၇၀ လောက် ပြန်ဆပ်နေရပြီး သုံးနှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလျံလောက် ဆပ်ထားတဲ့အပြင် နိုင်ငံရေးအကျပ်အတည်းကြောင့် ထပ်ချေးလို့မရတော့လို့ ကြွေးမြီအသစ်မတင်တဲ့ အခြေအနေတွေကိုတော့ ကမ္ဘာ့ဘဏ်ဘက်က ဖော်ပြမှုမရှိတဲ့အခြေအနေကိုလည်း မြင်ရပြန်ပါသေးတယ်။ ဒီနေရာမှာ ဒေါ်လာစျေးမတည်ငြိမ်မှုကြောင့် ပြည်ပကြွေးမြီကိန်းဂဏန်းတွေကို ကျပ်ငွေနဲ့ တန်ဖိုးသင့် ဖော်ပြတဲ့အခါ၊ ဒါကိုပဲ ဒေါ်လာနဲ့ ချင့်တွက်ရင် တွက်တဲ့နေ့အလိုက် မြင့်တက်လာတဲ့ ကိန်းဂဏန်းတွေက ခေါင်းရှုပ်စရာမြင်ရပါသေးတယ်။ ဒါကလည်း ပြည်ပကြွေးမြီနဲ့ ကျပ်၊ ဒေါ်လာ တန်ဖိုးအပြောင်းအလဲ သဘောသဘာဝအရ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်မှာ တစ်ဒေါ်လာ ကျပ် ၁၀၀၀ နဲ့ ၁၄၀၀ ပတ်လည်လောက်ကနေ လက်ရှိအစိုးရကာလမှာ စျေးကစား ဆွဲတင်ခံရတာကြောင့် အမြင့်ဆုံးက ကျပ် ၈၀၀၀ ကျော်ခဲ့ဖူးပြီး အခုအချိန်မှာ ကျပ် ၄၄၀၀ ဝန်းကျင်ရှိနေလို့ ဒီငွေတွေကို ကျပ်ငွေနဲ့ ဒေါ်လာနဲ့ တန်ဖိုးသင့် တွက်ချက်၊ အကြွေးဆပ်ရာမှာ ကြွေးမြီတန်ဖိုးတွေရဲ့ ကိန်းဂဏန်းတွေက တွက်ဆကာလအလိုက် ကိန်းဂဏန်းအရ ကြွေးမြီပမာဏ တူနိုင်မှာမဟုတ်တာလည်း အသေအချာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာလို့ ကျပ်တည်းမှုအချို့ ထွက်ပေါက်ရလာချိန်၊ ကျပ်ငွေတန်ဖိုးပြန်မာလာချိန်မှာတော့ ပြည်ပကြွေးမြီဆပ်နိုင်ခဲ့ပြီး ကြွေးသစ်ထပ်မတင်ခဲ့ဘူးဆိုတဲ့ ရလဒ်တစ်ခုကတော့ သေချာပေါက်ထွက်ပေါ်လာပါလိမ့်မယ်။
◾ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီကို စိန်ခေါ်နေတဲ့ ကျပ် ၈ သိန်း ကွာဟမှုဂယက်
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားတဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ရွှေရည်ညွှန်းဈေးကို ဒီဇင်ဘာ ၆ ရက်က စတင်သတ်မှတ်ပေးခဲ့ပြီး ရွှေသိပ်ဆည်းဆ ၁၉ ဒသမ ၂၅ နဲ့ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ကို ကျပ် ၅,၃၃၀,၀၀၀ ကျပ်နဲ့ စတင် သတ်မှတ်ပေးခဲ့ပေမဲ့ စျေးကွက်ထဲမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထက် ကျပ် ၇၈၀,၀၀၀ ပိုများနေတာကို တွေ့ရှိခဲ့ရပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၁၀,၀၀၀ အထိ ဖြစ်ပေါ်ခဲ့တာပါ။ ဒီနေ့မှာဆိုရင်လည်း ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းဟာ ကျပ် ၅,၃၈၀,၀၀၀ ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ ဈေးနှုန်းထက် ကျပ် ၅၀,၀၀၀ တိုးမြှင်လာခဲ့ပေမဲ့ ဒီနေ့ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၈၀,၀၀၀ အထိ ဖြစ်ပေါ်နေလို့ ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၈ သိန်းအထိ ပိုများနေတာကို တွေ့ရှိရပါတယ်။
ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလို့ သတ်မှတ်ပြီး ဒီသတ်မှတ်ချက်အရ ဖောက်ဖျက်သူဟာ ထောင်သုံးနှစ်အထိ ချခံရနိုင်တယ်ဆိုတာကြောင့် ရွှေကို အလျော့တွက် လက်ခ၊ အဆမတန်တောင်းခံမှုတွေအပြင် ရွှေဆိုင်တွေက ရွှေရောင်းချရာမှာ ပန်းတိမ်အပ်တယ်လို့ပဲ စာရွက်လွတ်ပေါ် ရန်ကုန်ရွှေအသင်း ရည်ညွှန်းစျေးနဲ့ ရောင်းပေးတဲ့စျေးကွက်က တစ်ခေတ်ဆန်းသစ်လာတာ၊ ရွှေဆိုင်တွေက ရွှေကို အိမ်ခြံမြေကားတွေနဲ့ ဒဲ့လဲတယ်ဆိုတဲ့ အရောင်းစျေးကွက်ပုံစံသစ်လည်း ပေါ်လာပြန်တာလည်း ဒီကာလမှာ တွေ့ခဲ့ရပါတယ်။ ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုသတ်မှတ်ချိန်မှာ ဝိသမလောဘသားတွေက ရည်ညွှန်းစျေးက တစ်မျိုး၊ မှောင်ခိုစျေးက တစ်ဖုံ၊ အလဲအထပ်က တစ်သွယ်နဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေကို ပုံစံအမျိုးမျိုး ကျော်လွှားနေတာ တွေ့ရပြီး ဒီလိုမျိုးတွေ လုပ်ဆောင်နေတာကလည်း ဒီကာလမှာ ဥပဒေအရ အရေးယူရမှာကို ထိထိရောက်ရောက်မလုပ်ဆောင်လို့ဆိုတာ တွေ့ရပါသေးတယ်။ ဥပမာအားဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ ရွှေစျေးကစားဆွဲတင်မှုနဲ့ ဖမ်း၀ရမ်းထုတ်ခံထားရသူဖြစ်ပေမဲ့ သူကတော့ အေးဆေးသာယာစွာသွားလာနေပြီး နိုဝင်ဘာ ၃ ရက် ထိုင်းကို ထွက်မဲ့အချိန်မှသာ ပြည်ပထွက်ခွင့်အပိတ်ခံထားရသူလို့ ပြည်သူတွေသိရသလို အဖမ်းလည်းမခံရတဲ့အပြင် ပြည်ပထွက်ခွင့်ပိတ်ထားတဲ့ Passport ကလည်း ပြန်ရသွားပြီလို့ အတည်မပြုနိုင်သေးတဲ့ သတင်းမျိုးလည်း ဒီရက်ပိုင်းမှာ ကြားရပါသေးတယ်။ ဦးအောင်ဆန်းဝင်းလိုမျိုးပဲ ဇွဲထက်၊ အကယ်ဒမီ စတဲ့ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၁၀ ဦး၊ စီးပွားရေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူ ၂၁ ဦးကိုလည်း ဘယ်လိုအရေးယူထားလဲဆိုတာ ပြည်သူတွေက မသိကြတော့ပါဘူး။ ဒီလိုမျိုး မျက်နှာကြီးရာ ဟင်းဖတ်ပါနေတာမျိုး၊ ဖမ်း၀ရမ်းထုတ်ထားပြီးမှ အရေးမယူတာမျိုးတွေ ဆက်ဖြစ်နေသရွေ့လည်း ရွှေစျေးကွက်ထိန်းနိုင်ဖို့နဲ့ စီးပွားရေးတည်ငြိမ်အောင် လုပ်ဆောင်ဖို့ မလွယ်ကူသလို ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအနေနဲ့လည်း သူတို့ထက် ဟင်းဖတ်ကြီးလို့ သူတို့သတ်မှတ်စျေးထက် ကျပ် ၈ သိန်းလောက် ပိုများနေတဲ့ ဒီစျေးကစားခံရွှေစျေးကွက်ကို ဘယ်လိုပုံစံထိန်းမလဲဆိုတာက စိတ်ဝင်စားစရာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။