October 19, 2024

၉.၁.၂၀၂၃
Written By Pan Ei

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း အီဒိုပြည်နယ်ရှိ ရထားဘူတာရုံတစ်ခုတွင် ကေအေ-၄၇ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသူများက လူ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ၏ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၈ရက်)က ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြန်ပေးဆွဲမှုမှာ နိုင်ဂျီးရီးယားနိုင်ငံ အီဒိုပြည်နယ်၏ မြို့တော် ဘီနင်စီးတီး၏ အရှေ့မြောက်ဘက် ၁၁၁ ကီလိုမီတာအကွာတွင် တည်ရှိသည့် တွမ် အီကီမီ ဘူတာရုံ၌ ဇန်နဝါရီ ၇ ရက် ညနေကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူများက ဝါရီမြို့သို့ ထွက်ခွာမည့် ရထားကို စောင့်ဆိုင်းနေသည့် ခရီးသည် ၃၂ ဦး ကို ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပြန်ပေးဆွဲတိုက်ခိုက်မှုအတွင်း ဘူတာရုံရှိ လူအချို့ သေနတ်ထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံ မီးရထားကော်ပိုရေးရှင်း (NRC) သည် နောက်ထပ်သတိပေးချက်မရသေးမီအထိ ဘူတာရုံကို ပိတ်ထားစေခဲ့သည်။

“လောလောဆယ်မှာတော့ စစ်တပ်နဲ့ ရဲတွေအပြင် လုံခြုံရေးဝန်ထမ်းတွေက ပြန်ပေးဆွဲခံရသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်” လို့ အီဒိုပြည်နယ် ပြန်ကြားရေး တာဝန်ရှိသူ Chris Osa Nehikhare က ပြောကြားခဲ့သည်။

ယမန်နှစ်ကလည်း မြို့တော် အဘူဂျာ အနီးတွင် ရထားတစ်စင်းကို သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ လူ ၆ ဦး သေဆုံးပြီး အခြားလူအများအပြားကို ပြန်ပေးဆွဲခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *