၁၂. ၁၂. ၂၀၂၄
Written by Nyein Kyaw
မျက်မှောက်ခေတ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေး ဆောင်ရွက်ကြသဖြင့် စစ်မှုသိပ္ပံနှင့် နည်းပညာရပ်များကို အမီလိုက်နိုင်ရန်အတွက် သုတေသနပြုမှုများနှင့် ကျွမ်းကျင်မှုရှိအောင် ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်းတန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ပါက အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး အီလက်ထရောနစ် စစ်ဆင်ရေးနှင့် သတင်းအချက်အလက်စစ်ဆင်ရေးများကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုကြောင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင်လည်း နည်းပညာ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေအထားကို ရောက်ရှိလာပြီဆိုသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာရပ်များကို သိရှိနားလည် အမီလိုက်နိုင်ရန်အတွက် မိမိတိုစဉ်ဆက်မပြတ် လေ့လာသုတေသနပြုမှုများ၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ဆောင်ရွက်မှုများ လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး မိမိတို့တာဝန်ကျသည့် စစ်မြေပြင်နှင့် လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့ကျကျ အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နေ့လယ်ပိုင်းတွင် SAC ဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားခဲ့ပြီးနောက် ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်များသို့ သွားရောက်ပြီး ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။