၁၂.၁၂.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်၊ မူဆယ်မြို့နယ်၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက လေဖြတ်နေသော အမျိုးသားတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကူညီပေးခဲ့သည့် နှလုံးလှ လူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၀ ခန့်အရွယ် လေဖြတ်နေသော အမျိုးသားတစ်ဦးဖြစ်ပြီး ဂိတ်တဲတစ်ခုထဲတွင် မီးလောင်ကာ သေဆုံးနေခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
“အမျိုးသားတစ်ယောက် မီးလောင်ပြီး သေဆုံးနေတယ်လို့ ပတ်ဝန်းကျင်က အကြောင်းကြားလို့ သွားရောက်ကူညီခဲ့တာပါ။ ပေါင်နဲ့ကျောဘက် ညာဘက်တစ်ခြမ်းလုံး မီးလောင်ပြီး သေဆုံးနေတာပါ”ဟု သွားရောက်ကူညီခဲ့သည့် နှလုံးလှ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
သေဆုံးသူအမျိုးသားမှာ ပိုင်ရှင်မရှိသောကြောင့် နေ့ချင်းပင် မူဆယ်မြို့မသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။