၁၂.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်အား ဇန်နဝါရီလ ၂၀ ရက်တွင် ကျင်းပမည့် ၎င်း၏သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန်ဖိတ်ကြားခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမည့် တာဝန်ရှိသူများကလည်း နိုင်ငံခြားမှ အခမ်းအနားသို့ လာရောက်မည့် ဂုဏ်သရေရှိပုဂ္ဂိုလ်များအတွက်ပါ ကြိုတင်စီစဉ်နေကြကြောင်း သိရသည်။
ထရန့်က ရှီအား ရွေးကောက်ပွဲအနိုင်ရရှိအပြီး များမကြာမီ နိုဝင်ဘာလဆန်းပိုင်းကပင် ဖိတ်ကြားခဲ့ခြင်းဟုလည်း သိရသည်။ သို့ရာတွင် ရှီအနေဖြင့် ဖိတ်ကြားချက်ကို လက်ခံမှု ပြုမပြုဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ဝါရှင်တန်ရှိ တရုတ်နိုင်ငံသံရုံးကလည်း ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှု မရှိသေးပေ။
ထို့ပြင် ထရန့်က ၎င်းနှင့်နွေးထွေးသောဆက်ဆံမှုများရှိသည့် ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကိုလည်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်း ထရန့်၏မာအာလာဂို စံအိမ်သို့ လာရောက်လည်ပတ်ခဲ့သေးသည့် ဗစ်တာအော်ဘင်က အခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားဆဲဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတ ပထမသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုစဉ်က ထရန့်ကို ကမ္ဘာ့အလယ်တွင် ကောင်းစွာသိရှိကြသေးသည်မဟုတ်ပေ။ သို့သော် ယခုအကြိမ်တွင်မူ ကမ္ဘာ့ခေါင်းဆောင်များက ထရန့်အား တာဝန်ထမ်းဆောင်ဆဲသမ္မတတစ်ဦးအဖြစ်ပင် သဘောထားကြကြောင်း သိရသည်။
Ref- CBS