၁၂.၁၂.၂၀၂၄
Written By Thandar
ဒေါ်နန်းရွှေလွင်ရဲ့ ဘဝဇာတ်ကြောင်း အတ္ထုပ္ပတ္တိကို အကောင်းဆုံးပုံဖော်ရိုက်မယ့် “နံပါတ် နတ်သမီး” မှတ်တမ်းရုပ်ရှင်ကန်တော့ပွဲပေးပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ပြီးခဲ့တဲ့ နှစ်ပတ်လောက်က Audition လုပ်ခဲ့တဲ့အတိုင်းပါပဲ။ ဆရာမကြီး ဒေါ်နန်းရွှေလွင်ရဲ့ Life ကို Documentary အဖြစ်နဲ့ ရိုက်မယ်ဆိုပေမယ့် ရုပ်ရှင်တစ်ကားလိုရိုက်မှာပါ။ ဇာတ်ကားနာမည်ကို နံပါတ်နတ်သမီးလို့ အမည်ပေးပြီး ကန်တော့ပွဲ ပေးဖြစ်တာပါ။ အဓိကတော့ သူ့ရဲ့ ငယ်ဘဝက တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတဲ့ ဘဝအလှည့်အပြောင်းတွေရှိတယ်။ ဘဝဇာတ်နာတာတွေရှိခဲ့တယ်။ မထင်မှတ်သူက ဒုက္ခပေးခဲ့တာရှိတယ်။ သူ့ငယ်ဘဝနေရာကတော့ တာချီလိတ်ဘက်မှာပါ။ ကျွန်တော့်က ရန်ကုန်မှာပဲ အနီးစပ်ဆုံး ရိုက်မှာပါ။ တာချီလိတ်ကတော့ Outdoor လောက်ပဲ သွားရိုက်မှာပါ။ သက်ရှိထင်ရှားရှိတဲ့သူကို ရိုက်ကူးရမှာမို့ ပိုပြီးဂရုစိုက်ရမယ်၊ ပိုပြီးတော့ တာဝန်ကြီးတာပေါ့။ တချို့လူတွေရဲ့ အမြင်တွေ Image ကို မထိခိုက်အောင်ရိုက်ရတာ တာဝန်ကြီးပါတယ်။ စိတ်ကူးထဲက အရာကို ဖန်တီးရိုက်ကူးရတာ ပိုလွတ်လပ်တာပေါ့။ ကာယကံရှင်မေးပြီး ပြန်ညှိရတာမို့ ပိုတာဝန်ကြီးတာပေါ့။ သူ့ရဲ့ ၇၈၉ နံပါတ်ဘုရင် နန်းရွှေလွင်ဆိုတဲ့ လုပ်ငန်းကို လုပ်လာခဲ့တာ ၂၀၂၅ ဆိုရင် ၅ နှစ်ပြည့်ပြီမို့ ရုပ်ရှင်ပုံဖော်ချင်ခဲ့တာပါ။ သူ့ကို မသိသေးသူတွေကို ကြည့်ရှုနိုင်ဖို့ အခမဲ့ပြသမှာပါ။ ငွေကြေးအကျိုးအမြတ်ကို မမျှော်မှန်းဘဲ သူ့ Life ကို ချပြချင်လို့ ရိုက်ကူးမယ့်ဇာတ်ကားပါ။ ဆရာမကြီးကို ယုံကြည်လို့ဒီဇာတ်ကို ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
အဆိုပါ ဒေါ်နန်းရွှေလွင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ရွှန်းမီမီထက်နဲ့ ညိုမင်းလွင်တို့က ရေးသားပြီးတော့ တွဲဘက် ဒါရိုက်တာဇော် G၊ ဒါရိုက်တာညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ခိုင်၊ စိုးသီဟ၊ ရှင်ယွန်းမြတ်၊ ချစ်ခွန်းယံနဲ့ မျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးတင်ဆက်သွားမှာလည်းဖြစ်ပါတယ်။
သူမရဲ့နံပါတ်များအကြောင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကားကိုတော့ တာချီလိတ်နဲ့ ရန်ကုန်ဘက်မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်တစ်ကားစာ အချိန်က တစ်နာရီခွဲကျော်ခန့် ပါဝင်မယ့် ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကိုလည်း ၂၀၂၀ ပြည့်နှစ်က ဒါရိုက်တာညိုမင်းလွင် ကိုယ်တိုင်လည်း ပြောင်းလဲ သုံးစွဲပြီး Confidence ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။