၁၂.၁၂. ၂၀၂၄
Written by Nay Moe
မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်း၊PDF များ၏သတင်း လိုက်လံထောက်လှမ်းနေသည်ဟုဆိုကာ ရဲ-ဒုတပ်ကြပ်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း People’s Defence Force -Yenangyaung က ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်ကြေညာထားသည်။
ဖြစ်စဥ်တွင် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့နှစ်ဦးသည် အရပ်ဝတ်ဖြင့်အသွင်ယူကာ PDF အဖွဲ့များ၏သတင်းများ လိုက်လံထောက်လှမ်းနေသည်ဟု သတင်းရသဖြင့် ဒီဇင်ဘာလ ၁၁ ရက် နေ့လယ် ၁၁ နာရီခန့်တွင် PDF အဖွဲ့များက သတင်းအရ ကြိုတင်စောင့်နေပြီး မန်ကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်တွင် ဖမ်းဆီးရာ ဆိုင်ကယ်ရပ်ပေးမှုမရှိဘဲ လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံရန်လုပ်သဖြင့် နေရာတွင်ပင် ပစ်ခတ်ဖမ်းဆီးလိုက်ရာ သေဆုံးသွားသည်ဟုလည်း ကျုးလွန်မှုဖြစ်စဥ်အပေါ် အကြောင်းပြချက်ပေးထားသည်။
အထက်ပါ သတ်ဖြတ်မှုကို People’s Defence Force -Yenangyaung၊ Tamar Myay Special Coloum နှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း People’s Defence Force-Yenangyaung က ဝန်ခံထားသည်။
အဆိုပါဖြစ်စဥ်တွင် ကျူးလွန်သည့် PDF များ သတ်ဖြတ်လိုက်သူနှစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဟုတ်မှန်ခြင်းရှိမရှိနှင့် အပြစ်မဲ့ပြည်သူနှစ်ဦးကို စွပ်စွဲသတ်ဖြတ်ခြင်းဟုတ် မဟုတ် MT News က ဆက်လက်အတည်ပြုနေပြီး အသေးစိတ်သိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။