MT News
၁၂. ၁၂. ၂၀၂၄
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ပေးပို့ကူညီသည့် ဆန် မက်ဒရစ်တန်ချိန် ၂၂၀၀ ကို ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် အကူအညီလိုအပ်သည့် မြန်မာနိုင်ငံပြည်သူ ၁၄၀,၀၀၀ ခန့်ကို အကျိုးပြုရန်အတွက် လှူဒါန်းသည့် ကွန်တိန်နာ ၈၆ လုံးပါသင်္ဘာဖြင့် ပို့ဆောင်ပေးခဲ့သော အိန္ဒိယဆန်ဖြူ မက်ထရစ်တန်ချိန် ၂၂၀၀ တန်ကို ရန်ကုန်ဆိပ်ကမ်း၌ ယနေ့လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်လက်ခံရယူခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသို့ ပေးပို့မည့်ဆန်များကို ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယအစိုးရ၏ အရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းနိုင်ငံများကို ပထမ ဦးစားပေးမူဝါဒအရ မြန်မာနိုင်ငံသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးပို့ခြင်းဖြစ်ကြောင်း ဆန်တန်ချိန် ၂၂၀၀ က ကလေးများ၊ အမျိုးသမီးများ၊ လူငယ်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် စားဝတ်နေရေးခက်ခဲနေသူများအတွက် အကူအညီဖြစ်စေမည်ဖြစ်ကြောင်းလည်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအခက်အခဲများကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ယခင်ကလည်း ကူညီထောက်ပံ့ပေးခဲ့ဖူးသလို ပြီးခဲ့သော စက်တင်ဘာလကလည်း ရာဂီမုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် တန်ချိန် ၅၃ တန်ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများ ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူအရေအတွက်မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူအရေအတွက် ၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။