၁၂.၁၂.၂၀၂၄
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အစိုးရရဲ့ ဒုက္ခသည်ရေးရာဝန်ကြီး ခါလီဟတ်ကွာနီဟာ ဒီဇင်ဘာလ ၁၁ ရက်မှာ ကဘူးလ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနအတွင်း အသေခံဗုံးခွဲမှုတစ်ရပ်ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်က တာလီဘန်တို့အနေနဲ့ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်မှာ အာဏာပြန်ရပြီးနောက် အမြင့်မားဆုံးသော သေကြေထိခိုက်မှုလည်း ဖြစ်ခဲ့ရပါတယ်။
အသေခံဗုံးခွဲမှုကို ဟတ်ကွာနီ ရုံးကနေထွက်လာခိုက်မှာ ပြုလုပ်ခဲ့ကြတာပါ။ ဒီအတွက် အခြားခြောက်ဦးလည်း သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဟတ်ကွာနီက တာလီဘန်တွေထဲမှာ ဟတ်ကွာနီကွန်ရက်လို့ခေါ်တဲ့ ဩဇာကြီးမားတဲ့ အုပ်စုတစ်ခုရဲ့ ထိပ်တန်းအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ အမေရိကန်ကတော့ ကမ္ဘာ့အကြမ်းဖက်အုပ်စုအဖြစ်သာ သတ်မှတ်ထားတာပါ။ ဒီဗုံးခွဲမှုကို အိုင်အက်စ်အုပ်စုကတော့ သူတို့ရဲ့လက်ချက်လို့ ပြောခဲ့ကြပါတယ်။
အိုင်အက်စ်တို့ရဲ့သတင်းဌာနဖြစ်တဲ့ Amaq က အိုင်အက်စ်စစ်သွေးကြွတစ်ဦးဟာ ဝန်ကြီးရုံးအပြင်ဘက်မှာ စောင့်ဆိုင်းနေပြီး ဟတ်ကွာနီလမ်းလျှောက်ပြီးထွက်အလာမှာ စနက်တံတွေဖြုတ်ပြီး ဖောက်ခွဲခဲ့တာလို့ ပြောခဲ့ပါတယ်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဟတ်ကွာနီဟာ အိုင်အက်စ်တို့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။
ခါလီဟတ်ကွာနီရဲ့အစ်ကို ဂျာလာလတ်ဒင်က ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အာဖဂန်နစ္စတန်ကိုဝင်ရောက်လာတဲ့ ဆိုဗီယက်တပ်ဖွဲ့တွေကို ခုခံတိုက်ခဲ့တဲ့ထင်ရှားတဲ့ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ သူက တာလီဘန်အဖွဲ့အတွင်း အနှစ် ၂၀ ခန့်ကာလမှာ ဟတ်ကွာနီကွန်ရက်ကို တည်ထောင်ခဲ့သူပါ။ ဂျာလာလတ်ဒင်ရဲ့ သားဖြစ်သူ ဆီရာဂျပ်ဒင် ဟတ်ကွာနီကလည်း လက်ရှိမှာ တာလီဘန်အစိုးရအတွင်း ပြည်ထဲရေးဝန်ကြီးပါ။
တာလီဘန်တို့ အာဏာရပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ လုံခြုံရေးအခြေအနေ တိုးတက်လာတယ်လို့ ဆိုနိုင်ပေမယ့် နှစ်စဉ် ဗုံးခွဲမှုနဲ့ အသေခံတိုက်ခိုက်မှုတွေ အများအပြားရှိနေပါသေးတယ်။ ဒီတိုက်ခိုက်မှုတွေကိုလည်း တာလီဘန်နဲ့ပြိုင်ဘက် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အစ္စလာမ္မစ်အုပ်စု ISKP က အများဆုံး ပြုလုပ်လျက်ရှိပါတယ်။
Ref- bbc