◾️ ယနေ့တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၈၀,၀၀၀ အထိဖြစ်ပေါ်နေပြီး ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၈ သိန်း ပိုများနေ
၁၂. ၁၂. ၂၀၂၄
Written by Nyein Kyaw
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ပေးထားသည့် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မလျှောက်ထားသူများကို အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အဆင့်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာတွင် တရားဝင်အသိပေး ကြေညာထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/ ၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာာ ၃၀ ရက်ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
ထို့နောက် ယခု ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍ ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိပ်သည်းဆ ၁၉ ဒသမ ၂၅ ဂရမ်/ကုဗစင်တီမီတာနှင့် အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ မြဝတီရုပ်မြင်သံကြား(MWD)၊ မြန်မာ့အသံ (Radio)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.mining.gov.mm နှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင် နေ့စဉ်ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက် ထားမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ စတင်လျှောက်ထားရန် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါလျှောက် ထားမှုများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန် သတိပေးထားပြီးဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအနေဖြင့် ယခုဒီဇင်ဘာလ ၆ ရက်မှစတင်၍ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) ဖြင့် နေ့စဉ်ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု မပြု (မပြု)လုပ်သူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်ကြောင်းကြေညာခဲ့သည့်နေ့မှ (၃)လအတွင်း လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ရွှေရည်ညွှန်းဈေးကို စတင်သတ်မှတ်ပေးခဲ့ပြီး သတ်မှတ်ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသည့် ရွှေဆိုင်များအား နိုင်ငံတော်အဆင့် တိုက်ရိုက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ဖြေကြားထားသည်။
ယနေ့တွင်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာ ကျပ် ၅,၃၈၀,၀၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၇၀ ဝန်းကျင် မြင့်တက်ခဲ့၍ စတင်သတ်မှတ်ခဲ့သော ဒီဇင်ဘာ ၆ ရက်နေ့ ဈေးနှုန်းထက် ကျပ် ၅၀,၀၀၀ တိုးမြှင်လာခဲ့သည်။ သို့သော် ယနေ့ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၈၀,၀၀၀ အထိ ဖြစ်ပေါ်နေ၍ ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၈ သိန်းအထိ ပိုများနေသည်ကို တွေ့ရှိရသည်။