၁၂. ၁၂. ၂၀၂၄
Written by Nay Moe
စိတ်မနှံ့သည့် ချင်းလူငယ်ကို CNA(Chin National Army) က ရိုက်နှက်သတ်ဖြတ်မှုအပေါ် ကျုးလွန်သူများအား အရေးယူပေးရန် ဇိုမီးအဖွဲ့ချုပ် (Zomi Federal Union) က တောင်းဆိုချက် ထုတ်ပြန်ထားသည်။
တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ ဦးဝုန့်ခန့်ဖမ်း၏ သားဖြစ်သူ တာန်လန့်ခန့်ဆွင်း (စိတ်ကျန်းမာရေးချို့ယွင်းသူ) သည် တွန်းဇံမြို့သို့ သွားရောက်နေစဉ် တုန်းတွောင်ကျေးရွာအနီး၌ လက်နက်ကိုင် Chin National Army (CNA) တပ်ဖွဲ့များက ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်ဟု ဆိုသည်။
အပြစ်မဲ့ဖမ်းဆီးခံထားရသည့် တာန်လန့်ခန့်ဆွင်းမှာ လက်နက်ကိုင် CNA တပ်ဖွဲ့များ၏ ရိုက်နှက်စစ်ဆေးမေးမြန်းမှုများခံရပြီး ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် CNA တပ်ဖွဲ့ များ၏ လက်လွန်မှုကြောင့် အသက်သေဆုံးခဲ့သည်ကို စိတ်မကောင်းစွာဖြင့် ကြားသိရသည်ဟုလည်း ဖော်ပြထားသည်။
လက်နက်မဲ့ပြည်သူဖြစ်ပြီး စိတ်မနှံ့သူ တာန်လန့်ခန့်ဆွင်း၏ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် လက်နက်ကိုင် CNA တပ်ဖွဲ့ တာဝန်ရှိခေါင်းဆောင်များအနေဖြင့် ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူမှု ဆောင်ရွက်ပေးရန်နှင့် ချင်းလူမျိုး အချင်းချင်း အကြောင်းမဲ့သတ်ဖြတ်မှုများ ရပ်တန့်ကြရန် သတိပေးကြောင်းလည်း ဇိုမီးအဖွဲ့ချုပ်၏ ထုတ်ပြန်တောင်းဆိုမှုတွင် ဖော်ပြထားသည်။