၁၂ .၁၂. ၂၀၂၄
Written by Thiri
နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ ပဥ္စမမြောက်အမျိုးသားအားကစားပွဲတော်မှာ ရန်ကုန်တိုင်း မြန်မာ့သိုင်းအသင်းက ပြိုင်ပွဲဝင် ၁၄ သင်းအနက် ရွှေတံဆိပ်ဆုအများဆုံးရရှိထားတယ်လို့ မြန်မာ့သိုင်းအသင်းနည်းပြ ဦးမြင့်အောင်က ပြောပါတယ်။
တိုင်းနဲ့ပြည်နယ်အားလုံးရဲ့ အဆင့် (၁) နေရာမှာရပ်တည်နေပြီး ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးထားတာလို့ သိရပါတယ်။
ပါဝင်ယှဉ်ပြိုင်ရတဲ့အားကစားနည်းတွေမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ အားကစားနည်းနဲ့ ကစားသမားတွေက တုတ်ရှည်ပညာစဉ်အပြ မောင်အောင်ခန့်ပိုင် ရွှေတံဆိပ်တစ်ခု၊ လက်ရေးပညာစဉ်အပြ မောင်အုပ်စိုးခန့် ရွှေတံဆိပ်တစ်ခု၊ လှံရေးပညာစဉ်အပြ မောင်အောင်မင်းဦး ရွှေတံဆိပ်တစ်ခု၊ ဓားတစ်လက်ပညာစဉ်အပြ မစုသက်ဝေ ရွှေတံဆိပ်တစ်ခု၊ လှံရေးပညာစဉ်အပြ မခင်စုလင်း ရွှေတံဆိပ်တစ်ခု၊ ကျား၊ မအဖွဲ့လိုက် ဝိုင်းထွက်ပညာစဉ်အပြ မမိုးနန္ဒာမြင့်၊ မောင်ယံဝေအောင်၊ မောင်ရဲနိုင်ဦး ရွှေတံဆိပ် တစ်ခု၊ တုတ်ရှည်ပညာစဉ်အပြနဲ့ ဓားနှစ်လက်ပညာစဉ်အပြ မငြိမ်းသူဇာ ငွေတံဆိပ် နှစ်ခု၊ ဓားနှစ်လက်ပညာစဉ် အပြ မောင်အောင်ခန်ပိုင် ကြေးတံဆိပ် တစ်ခု၊ ဓားတစ်လက်ပညာစဉ်အပြ မောင်အုပ်စိုးခန့် ကြေးတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးနိုင်ခဲ့တာလို့ သိရပါတယ်။
နည်းပြမြန်မာ့သိုင်းဆရာ ဦးမြင့်အောင်က “ရန်ကုန်တိုင်းက တခြားတိုင်းနဲ့ ပြည်နယ်ထက် ရွှေတံဆိပ်ဆု ပိုများတာပါ။ အဆင့် (၁) နေရာကနေ ရပ်တည်နေပါတယ်။ အကောင်းဆုံးပြိုင်ဘက်အသင်းတွေကတော့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအသင်းပါ။ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဆရာတို့ကစားသမားတွေ ထိုက်ထိုက်တန်တန် ရပ်တည်နေပါတယ်” လို့ MT News ကို ပြောပါတယ်။
မြန်မာ့သိုင်းပြိုင်ပွဲစဉ်တွေကို နေပြည်တော်ရှိ ရွေကြာပင်အားကစားရုံမှာ ဒီဇင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့တာပါ။