၁၁.၁၂.၂၀၂၄
Written By Zun
မလေးရှားနိုင်ငံကို သွားရောက်သည့် ရခိုင်ပြည်နယ်က ဘင်္ဂါလီ ၈၄ ဦး ထိုင်းနိုင်ငံတွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က အဖမ်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ကန်ချနဘူရီခရိုင်၊ Thong Pha Phum ခရိုင်ခွဲ၊ ဟွေ့ခယိန်ကျေးရွာအုပ်စု၊ ခနွန်ခိကျေးရွာဘက်သို့ တရားမဝင် အလုပ်သမားများ ဝင်ရောက်လာကြောင်း သတင်းအရ ထိုင်းနိုင်ငံ တပ်မတော်နှင့်ပူးပေါင်းအဖွဲ့များ၊ Thong Pha Phum ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာက ခနွန်ခိကျေးရွာအနီးရှိ တောစပ်တစ်နေရာတွင် အဆိုပါ လူ ၈၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို စစ်ဆေးစဉ် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်အတွက် ရခိုင်ပြည်နယ်မှ ဘုရားသုံးဆူမြို့သို့ လာရောက်ခဲ့ကြကာ တစ်ဦးလျှင် ပွဲစားခ ဘတ် ၇၅၀၀၀ ပေးဆောင်၍ ဘုရားသုံးဆူမြို့မှ တစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် Thong Pha Phum ခရိုင်အတွင်းသို့ လှေဖြင့်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဆန်ခလာဘူရီခရိုင် နယ်စပ်သို့ရောက်ရှိပြီး ပစ်ကပ်ကားပေါ် မတက်မီ အဖမ်းခံခဲ့ရကြောင်းနှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ယခုအခါ အဆိုပါ ဖမ်းဆီးရမိသူများအား ထောင်ဖာဖုန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။