၁၁.၁၂.၂၀၂၄
Written By Thandar
အွန်လိုင်း Gamer တစ်ယောက်ဖြစ်ပြီး Game Streamer Zing လို့ လူသိများခဲ့တဲ့ စုမြတ်နွေးဟာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က ၉၆ ပါးရောဂါနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
“ဟုတ်ပါတယ်။ Zing မနေ့က နေပြည်တော်မှာ ဆုံးသွားတာပါ။ သူ့ကို ယနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပုပ္ပါးမှာ သင်္ဂြိုဟ်မှာပါ။ Zing နဲ့ မ တို့က ၂၀၂၂ ခုနှစ်ထဲက ခင်ခဲ့တယ်။ ပြီးခဲ့တဲ့ Ooredoo ပွဲမှာ ဆုံဖြစ်ခဲ့ပါတယ်။ သူက ပျော်ပျော်နေတတ်သူပါ။ ထပ်ဆုံဖို့ပြောပြီး မဆုံဖြစ်ခဲ့တာပါ။ Zing ငြိမ်းချမ်းရာမှာ အနားယူပါတော့”လို့ Stream Tnainghtoo က ပြောပါတယ်။
သူမကိုတော့ ယနေ့ ပုပ္ပါးတောင်ကလပ်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ Zing က လွန်ခဲ့တဲ့အောက်တိုဘာလအတွင်း ကျင်းပတဲ့ မြန်မာနိုင်ငံက လူကြိုက်များတဲ့ ဖန်တီးသူများကို ရွေးချယ်တဲ့ Myanmar Creators Award Ceremony 2024 မှာလည်း အားပေးသူတွေက မဲပေးမှုအများအပြားကိုလည်း ရရှိခဲ့တာပါ။
“Zing ရဲ့လတ်တလော ကျန်းမာရေးအခြေအနေကြောင့် Streaming နားထားပါမယ်ရှင့်။ Zing နဲ့ အလုပ်ကိစ္စ လုပ်လက်စရှိတဲ့သူများ အောက်က Telegram အကောင့်မှာ တစ်ချက်လာပြောပေးကြပါနော်” လို့ စက်တင်ဘာလကုန်ပိုင်းက လူမှုကွန်ရက်မှာ သူမက အသိပေးခဲ့ပါတယ်။
သူမဟာ ပင်ကို နှလုံးအားနည်းရောဂါရှိသူ၊ Vape အသောက်လွန်ရာက ကွယ်လွန်တာလို့လည်း လူမှုကွန်ရက်မှာ ရေးသားနေကြသလို”တစ်ကယ်ကြီးပါဟ Vape ကို တစ်ရက်အကြိမ် ၁၀၀၀၀ နှုန်းလောက်ရှိုက်နေတာ။ ကုတင် ၁၀၀၀ ဆေးရုံမှာကုနေတာမရတော့တာပါ” ၊ “အရင်က နှလုံးရောဂါအခံရှိတယ်ဆိုလား Live Stream မှာပြောဖူးတယ်။ မယုံနိုင်ပါဖူးဗျာ။ ပျောက်နေတာတော့ သတိထားမိတယ်”လို့ Post ရဲ့ Comment မှာ သူမပို့စ်အောက်မှာလည်း ရေးသားထားကြပါတယ်။