၁၁. ၁၂. ၂၀၂၄
Translated by Tha Doe
သြစတြေးလျဓာတ်ခွဲခန်းတစ်ခုက သေဆုံးနိုင်မှုမြင့်မားတဲ့ ဗိုင်းရပ်စ်တွေ ထည့်ထားတဲ့ ဓာတ်ခွဲခန်းပြွန် ၃၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။
ကနဦးသတင်းတွေအရ Hendravirus၊ Lyssavirus နဲ့ Hantavirus ပါဝင်တဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးမျိုးစုံ ၃၂၃ ပုလင်းခန့်ဟာ Queensland က ပြည်သူ့ကျန်းမာရေး ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းက ပျောက်ဆုံးသွားခဲ့တာပါ။ ဒီဗိုင်းရပ်စ်နမူနာပိုးတွေပျောက်ဆုံးမှုက ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက ဖြစ်ပေမဲ့ စုံစမ်းစစ်ဆေးမှုကိုတော့ ဒီသတင်းပတ်မှ စခဲ့တာပါ။
ပျောက်ဆုံးသွားတဲ့ ဗိုင်းရပ်စ်တွေမှာ Hantavirus ဟာ ကြွက်တွေက သယ်ဆောင်လာပြီး Hantavirus Pulmonary Syndrome (HPS) ကို ဖြစ်ပွားစေသလိုတိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ ရှားပါးတဲ့ အဆုတ်ရောင်ရောဂါအသွင် ကူးစက်မြန် သေဆုံးနိုင်တဲ့ ဗိုင်းရပ်စ်ပါ။ Hendravirus ကတော့ ဩစတေးလျမှာသာတွေ့ရှိရတဲ့ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ပြီး မြင်းတွေမှာဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ပါ။ လူတွေကို ကူးစက်ခံရရင် သေဆုံးမှုနှုန်းက ၅၇ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ပုလင်းပေါင်း ၂၂၃ ခုနဲ့ ထည့်ထားတဲ့ Lyssavirus ကတော့ ခွေးရူးပြန်ရောဂါနဲ့ ဆင်တူတဲ့ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုတစ်ခုဖြစ်ပြီး သေဆုံးမှုနှုန်း အလွန်မြင့်ပါတယ်။
ဒီဗိုင်းရပ်စ်တွေကို ထည့်ထားတဲ့ရေခဲသေတ္တာပျက်အပြီးမှာ ဗိုင်းရပ်စ်တွေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အစိုးရက သြစတြေးလျပြည်သူ့ကျန်းမာရေးဌာန၊ Queensland Health ကို အမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့နဲ့ အဓိကသမိုင်းဝင်ဇီဝလုံခြုံရေးပရိုတိုကောတွေကို ချိုးဖောက်မှုနဲ့ပတ်သက်လို့ ခြေရာခံဖို့ ညွှန်ကြားခဲ့ပါတယ်။
ဇီဝလုံခြုံရေးဆိုင်ရာ အမြင့်ဆုံးအဆင့်နဲ့ ထိန်းသိမ်းဖို့ လိုအပ်တဲ့ BSL-4 ရောဂါပိုးတွေပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ထင်ရှားတဲ့ ထိုင်းအာရုံကြော ပညာရှင် ဒေါက်တာ သီရာဗတ် ဟီမာချုဒါက ဒီဗိုင်းရပ်စ်တွေဟာ မသမာသူတွေလက်ထဲကျရောက်သွားပြီး အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခံရမှာကို စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ပြောပါတယ်။
မော်လီကျူးဗိုင်းရပ်စ်ဗေဒ သုတေသီ Anan Jongkaewwattana အပါအဝင် အခြားသော ကျွမ်းကျင်သူတွေကလည်း ဒီဗိုင်းရပ်စ်ပျောက်ဆုံးမှုကို ဆွေးနွေးမေးခွန်းထုတ်ခဲ့ကြပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တဲ့အပြင် ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို တားဆီးဖို့ အာဏာပိုင်တွေအနေနဲ့ ချက်ခြင်း အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် လတ်တလောမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းကာလတွေအတွင်း အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို ကိုင်တွယ်သိမ်းဆည်းတာနဲ့ သိုလှောင်ရာမှာ သတိထားဖို့လိုအပ်တာကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
Ref, Newsweek , The Nation Thailand