◾ ယခုနှစ်အတွင်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ်နိုင်ခဲ့
MT News
၁၁. ၁၂. ၂၀၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည်ဖြစ်သော စိတ်ကြွရူးသွပ်ဆေးပြား ၂၈ သန်းခန့်ထုတ်လုပ်နိုင်သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့်ကို ရွာငံမြို့နယ်တွင် ဖမ်းမိခဲ့သလို ဆက်စပ်တရားခံ ၉ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် နွားချေး မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့် သိမ်းဆည်းရမိခဲ့သည်။
ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ နေအောင်အား ဒီဇင်ဘာ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများအား မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက် (ခ) စိုင်းထွန်းထွန်းနှင့် ရင်အောင်သူတို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရင်အောင်သူ၏ နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးအား လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း (ခ) အောင်အောင်အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ် (ခ) သီဟ (ခ) မောက်ဆိုင်အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်းအား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များ သိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီများ၏ သုတေသနပြု သတင်းဖလှယ်ချက်များအရ ကဖင်းတစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ် လုပ်နိုင်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။