၁၁.၁၂. ၂၀၂၄
Written by Shwe Phyo
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရန် တိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မည့် လုပ်ငန်းစဉ်တွေကိုလည်း အစွမ်း ကုန်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာအိုနင်သည် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ဦးက မေးမြန်းမှုကိုတုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မာအိုနင်က “တရုတ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေဟာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆေးနွေးအဖြေရှာဖို့ အမြဲမပြတ် တိုက်တွန်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းတွေအားလုံး မကြာမီ အပစ်ရပ်စဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ကြရန် အပြင် တရုတ်မြန်မာနယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းနှင့်စီးပွားရေးလုပ်ငန်းများ၏လုံခြုံရေး၊ မြန်မာနိုင်ငံ၌ရှိသော တရုတ်လူမျိုးများ၏ လုံခြုံရေးကို မထိခိုက်ရန်လည်းထည့်သွင်းပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် ၎င်းနှင့်နယ်စပ်ချင်းထိစပ်နေသော လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းတောင်းဆို ဖိအားပေးနေကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် ကိုးကန့် MNDAA အဖွဲ့၊ တအောင်းTNLA အဖွဲ့တို့က အပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် အဆင့်သင့်ရှိနေကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားသလို KIO/KIA ခေါင်းဆောင်အင်ဘန်လကိုလည်း တရုတ်နိုင်ငံက ခေါ်ယူဆွေးနွေးနေကြောင်း သိရသည်။
Ref , chinadaily