၁၁. ၁၂. ၂၀၂၄
Written by Thettant
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့တွင် Grade -9 ကျောင်းသားတစ်ဦးကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ယမန်နေ့က သေဆုံးလျက်သားပြန်လည်တွေ့ရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက်၊ ၁၂ လမ်းတွင် နေထိုင်သူ Grade -9 ကျောင်းသား မောင်ရာဇာမိုး အသက် (၁၄) နှစ်သည် ဒီဇင်ဘာ ၉ ရက်ညဦးပိုင်းတွင် နေအိမ်မှ အမှတ်(၄)ရပ်ကွက်ရှိ မြို့တော်ပန်းခြံဝန်းသို့ သွားရောက်ရာမှ နေအိမ်သို့ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၆ နာရီခွဲခန့် အချိန်တွင်မှ ဦးခေါင်းကိုထုနှက်ခံထားရသော ဒဏ်ရာများ၊ မျက်နှာ၊ ရင်ဘတ် သွေးထွက် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပန်းခြံရေကန်ထဲမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“အလောင်းကို မနော်ဟရီလမ်းပန်းခြံထဲက ဆင်ရုပ်တုရှိတဲ့နား ရေကန်ထဲမှာ တွေ့တာ။ သူတို့က အမွှာထဲက ညီအငယ်လို့လည်း သိရတယ်။ လောလောဆယ်ကတော့ ရဲတပ်ဖွဲ့က မသင်္ကာသူတွေ ခေါ်စစ်နေတာပဲ။ ဘာမှတော့မသိရသေးဘူး”ဟု အဆိုပါဖြစ်စဥ်သိရှိသူတစ်ဦးက MT News မေးမြန်းမှုအပေါ် ယင်းသိရှိရသမျှ ပြန်လည်ပြောပြသည်။
လက်ရှိတွင် ဘိုကလေးမြို့၊ မြို့မရဲတပ်ဖွဲ့မှ ရဲလုပ်ငန်းစစ်ဆေးဆောင်ရွက်ပြီး သေဆုံးသူနှင့် ဆက်စပ်မူရှိသောပြစ်မူကျူးလွန်သူဟုယူဆရသူ လူငယ်(၆)ဦးအားစစ်ဆေးလျှက်ရှိကြောင်းနှင့် သေဆုံးသူ မောင်ရာဇာမိုး၏ ရုပ်အလောင်းကို ဘိုကလေးမြို့ နာရေးကူညီမူအသင်းမှ ကုတင်(၁၀၀) ဆေးရုံသို့ ပို့ဆောင်ပေးကာ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။