၁၁.၁၂.၂၀၂၄
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းချင်တဲ့ အိပ်မက်တွေရှိတဲ့ လူငယ်တွေ အကောင်အထည်ဖော်နိုင်မယ့်ဆုကြေးငွေ သိန်းတစ်ထောင်ထိ ချီးမြှင့်မယ့် Myanmar Star Season 2 သီချင်းဆိုပြိုင်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ဒီ Myanmar Star Season 2 သီချင်းဆိုပြိုင်ပွဲအကြောင်း မီဒီယာမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ Hotel Yangon မှာ ကျင်းပခဲ့တာပါ။
အဆိုပါသီချင်းဆိုပြိုင်ပွဲရဲ့ Founder ကိုဆလိုင်းက ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောကြားခဲ့ပြီး Myanmar Star Program Director ဆရာမြင့်မိုးအောင်၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်၊ Myanmar Star Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင် ၃ ဦးနဲ့ Vocal Coach တွေက အမှတ်တရစကား ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံက Music Industry ကို တိုးတက်အောင်လုပ်ချင်လို့ ရည်ရွယ်ပြီး ဒီ ပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်။ Season 1 မှာ ရခဲ့တဲ့ အတွေ့အကြုံတွေအရ Season 2 မှာတော့ Season 1 မှာထက် ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစားထားပါတယ်။ Season 2 ပြိုင်ပွဲမှာတော့ အရင်နဲ့ မတူဘဲ ကောင်းမွန်တဲ့ တင်ဆက်မှုတွေနဲ့ မြင်ရမှာပါ”လို့ Myanmar STAR သီချင်းဆိုပြိုင်ပွဲရဲ့ Founder ကိုဆလိုင်းက ပြောပါတယ်။
Myanmar Star Season 2 သီချင်းဆိုပြိုင်ပွဲမှာ Program Director အနေနဲ့ တေးရေး မြင့်မိုးအောင်၊ အကဲဖြတ်ဒိုင်တွေအနေနဲ့ တေးရေး စောခူဆဲ၊ အဆိုတော် မေခလာ၊ အစီအစဉ် တင်ဆက်သူ ဇင်အောင်နဲ့ Vocal Coach ဆရာမ Tracy တို့က ဆောင်ရွက်မှာဖြစ်ပြီး အကဲဖြတ်ဒိုင် ဇင်အောင်က Performance ပိုင်း အဓိက အကဲဖြတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Star Season 2 သီချင်းဆို ပြိုင်ပွဲမှာ ဆုကြေးငွေအနေနဲ့ Winner ဆု မြန်မာငွေသိန်းတစ်ထောင်၊ First Runner Up သိန်းလေးရာ၊ Second Runner Up သိန်းတစ်ရာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဒီသီချင်းဆိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ သီချင်း Video File (acapella only) ကို Myanmar Star Page inbox က ပေးပို့ရမှာဖြစ်ပြီး Preliminary Round အောင်တဲ့သူတွေအနေနဲ့ Judge Audition ကို MICT Park (Hlaing Township, Yangon)ရှိ Myanmar Star Studio မှာ ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ Audition ဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် Myanmar Star Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Group and Solo Round ကို ဇန်နဝါရီ ၉ ရက်ကနေ ဇန်နဝါရီ ၁၆ ရက်ထိ ယှဉ်ပြိုင်ရမမှာဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၁၅ ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူ ပြိုင်ပွဲဝင် ၁၅ ဦးအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ် ၂၉ ရက်တွင်း ဆက်လက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။