◾️ ထိခိုက်လွယ်မှုအရှိဆုံး ပြည်သူများ၏ဘဝနှင့် အလုပ်အကိုင်များ ပြန် လည်ထူထောင်ရေးကို လျင်လျင်မြန်မြန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဟု အကြံပြုထား
၁၁. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံ၏စီးပွားရေးသည် သဘာဝဘေးအန္တရာယ်များ ကျရောက်မှု၊ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခအခြေ အနေနှင့် ကျယ်ပြန့်စွာဖြစ်ပေါ်နေသည့် အခြေခံကုန်စည် ရှားပါးပြတ်လတ်မှုများကြောင့် ကြီးမားသည့်သက်ရောက်မှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားရဖွယ်မရှိကြောင်း ဒီဇင်ဘာလ ၁၁ ရက်(ယနေ့)တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။
လတ်တလော ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ လက်ရှိ ဘဏ္ဍာရေးနှစ် မတ်လ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးခန့်မှန်းချက်မှာ အနှုတ် ၁ ရာခိုင်နှုန်းဖြစ်သည်။ ယင်းမှာ ကမ္ဘာ့ဘဏ်၏ ယခင်ခြောက်လက ခန့်မှန်းချက်ထက်ပို၍ လျော့နည်းသည့် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကုန်ကြမ်းပြတ်လတ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆက်လက်ဖြစ်ပေါ်နေသည့် ပြည်တွင်း ဝယ်လိုအားနည်းမှုတို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ အသီးသီးတို့တွင် တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်စုစုပေါင်း၏ ထက်ဝက်ခန့်သည် ပဋိပက္ခအခြေအနေများနှင့် ရင်ဆိုင်နေရပြီး ယင်းအချက်က ကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးနှင့် နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ်ရေးအား ဆက်လက် အကျိုးသက်ရောက်နေမည်ဖြစ်ကြောင်း၊ လာမည့်ခြောက်လအတွင်း မေခရိုစီးပွားရေး မငြိမ်သက်မှုက ဆက်လက်ဖြစ်ပေါ် နေနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ အကြပ်အတည်း စိန်ခေါ်မှုအမျိုးမျိုးအကြားတွင် ရာဂီတိုင်ဖုန်းမုန်တိုင်းဝင်ရောက်မှုနှင့် မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် တစ်နိုင်ငံလုံးအနှံ့အပြားတွင် ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်ပေါင်း ၁၉၂ တွင် နေထိုင်သည့်ပြည်သူ စုစုပေါင်း ၂ ဒသမ ၄ သန်း ထိခိုက်ခံစားခဲ့ကြရကြောင်း ဖော်ပြထားသည်။
ရေကြီးရေလျှံမှုများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရပြီး ကုန်စည်ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသဖြင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်နှင့် စိုက်ပျိုးရေးလုပ်ငန်းအားလုံး၏ ထက်ဝက်ကျော်ခန့်မှာ ရေကြီးရေလျှံမှုကြောင့် အလွန်အမင်း နစ်နာဆုံးရှုံးခဲ့ရသလို အကျိုးဆက်မှာ စားသောက်ကုန်ဈေးနှုန်းများ မြှင့်တက်လာခဲ့ပြီး စားနပ်ရိက္ခာ ပြတ်လတ်မှုအခြေအနေ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ လတ်တလော ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပဋိပက္ခ အခြေအနေတွေက ကြီးကြီးမားမား သက်ရောက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်နဲ့ လုပ်သားဈေးကွက်အားနည်းမှု ဒဏ်တွေကို ခါးစည်းခံနေရတယ်။ ထိခိုက်လွယ်မှု အရှိဆုံးဖြစ်တဲ့ ပြည်သူတွေရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရေးတကြီးနဲ့ လျင်လျင်မြန်မြန် ပံ့ပိုးဆောင်ရွက်ပေးရပါမယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှုး မာလင်ဒါဂွတ်ဒ်က ပြောသည်။
အလုပ်အကိုင် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းက အကြပ်အတည်းများကို ဖြေရှင်းသည့်အရေးပါသည့် နည်းလမ်းတစ်ရပ်ဖြစ်လာကြောင်း၊ လတ်တလော ကောက်ယူခဲ့သည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ လေ့လာမှုစစ်တမ်းတစ်ရပ်အရ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းက ပြည်တွင်းထက် နှစ်ဆမှ သုံးဆ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ သွားရောက် လုပ်ကိုင်သူများက ဆယ်ဆကျော်အထိ ဝင်ငွေရရှိနိုင်ကြောင်း ဖော်ပြထား သည်။
ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားများသည် လက်ခံသည့် တိုင်းပြည်များ၏ လုပ်သားရှားပါးမှု ပြဿနာအား ဖြေရှင်းပေးနိုင်ကြပြီး ပြည်တွင်းသို့ ဝင်ငွေများအား ပြန်လည်ပိုဆောင်ပေးနိုင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေရလမ်းဖြစ်စေခဲ့သည်။
ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်မှု အများစုက အန္တရာယ်ကြားမှတစ်ဆင့် တရားဝင် မဟုတ်သည့် လမ်းကြောင်းများမှ သွားနေခြင်းကိုတွေ့ရှိရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းက အလုပ်သမားများအတွက် ငွေကုန်ကြေးကျပိုများသလို အကျိုးအမြတ်လည်း နည်းစေသည်ဟု ဖော်ပြထားသည်။