၁၁. ၁၂. ၂၀၂၄
Written by Nyein Kyaw
ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ဆန်အမျိုးအစားအားလုံး စျေး ပြောင်းလဲမှုမရှိဘဲ ပြီးခဲ့သည့် နိုဝင်ဘာလဈေးနှုန်းအတိုင်း သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။
(၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၃,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၁,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၆,၀၀၀၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၃,၀၀၀၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၈,၀၀၀၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၅,၀၀၀ သတ်မှတ်ထားသည်။
ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိပြီး အရည်အသွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၅,၀၀၀၊ မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၇,၀၀၀ နှင့် စားသုံးမှုအထူးကောင်းမွန်သော ဆန်းအမျိုးအစားများကိုမူ ၁၃၃,၀၀၀ သတ်မှတ်ခဲ့၍ နိုဝင်ဘာလဈေးနှုန်းအတိုင်း သတ်မှတ်ထားသည်။
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်များကို ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားပြီး အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ)များကို ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ နှင့် တောင်ပျံ/ဘေးကြားများကို ကျပ် ၁၃၅,၀၀၀ ဖြင့် နိုဝင်ဘာလဈေးနှုန်းအတိုင်း သတ်မှတ်ထားသည်။
အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။