၁၁.၁၂. ၂၄
Written by Nay Moe
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သော မောင်တောမြို့၏ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က အပြီးသတ်သိမ်းယူပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနှင့် နှစ်လခန့်တိုက်ယူရသော စခန်းသိမ်းပွဲတွင် သေဆုံးသူများခဲ့ကြောင်းပါ ဝန်ခံချက်ကို ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ပြီး တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည့် AA သည် မောင်တောမြို့ရှိ “ချိန်ခါလီ၊ ဒုံးပိုက်”စခန်းများနှင့် ရသေ့တောင်၊ မင်းပြားမြို့ရှိ စခန်းများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောနေ့မှ ယနေ့အချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း၌ ရခိုင်ဒေသနှင့် ပလက်ဝဒေသအတွင်းရှိ စခန်းအများစုကို သိမ်းပိုက် ရယူထားသည့်နည်းတူ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။
ထို့အပြင် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသလို မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ စခန်းများကိုလည်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဖော်ပြပါမြို့ လေးမြို့ထဲမှ တစ်မြို့ဖြစ်သော မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု အဖြစ် ကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်၌ AA က အပြီးသတ်သိမ်းယူ တိုက်ခိုက်ခဲ့သောကြောင့် မောင်တော ဒေသတစ်ခုလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နခခ (၅) ထဲမှ ခုခံရင်းလွတ်မြောက်နေသူများရှိ၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
အခြားတစ်ဖက်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ကတည်းကပင် မောင်တောဒေသ၌ နခခ (၅) စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်ပြီး မောင်တောဒေသအတွင်းရှိ အခြားသော စခန်းများ အားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ RSO၊ ARSA၊ ARA တို့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကြိုကြားကြိုကြားတိုက်ပွဲများ မောင်တောဒေသအနှံ့၌ ရံဖန်ရံခါရှိခဲ့ကြောင်း ဝန်ခံထားသည်။
ထို့အပြင် နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကာ စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထား၍အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားသလို စူးချွန်များ ထောင်ထားပြီး ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိ၍ လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်ကြောင်း၊ သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေကြောင်း၊ ထို့အတွက် AA က တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း M14 မိုင်းပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့သလို မိုင်းရှင်းလင်းသည့် ရခိုင်လက်နက်ကိုင်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ခဲ့ရကြောင်း၊ နခခ (၅) စခန်းထဲမှ ခုခံသူအများအပြားရှိနေ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှု ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ (၄၅၀) အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ပြင်းထန်သည့် ထိုးစစ်များအတွင်း သေဆုံးကုန်သည့် ရခိုင်လက်နက်ကိုင်များအား ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားသည်။