၁၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမည်ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ပြည်သူအားလုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက် လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ပျက်ပြားအောင် ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ချိုးဖောက်နေကြခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြရန်အတွက် စည်းလုံးညီညွှတ်ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသား ပြည်သူအားလုံးက လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။