၁၀. ၁၂.၂၀၂၄
Written by Tha Doe
နိုင်ငံရေးပဋိပက္ခနဲ့ ကိုယ်မကြိုက်တဲ့အစိုးရကို အကြောင်းပြုပြီး မြန်မာဆိုတာနဲ့ နိုင်ငံ့အလံတောင် ဂုဏ်ယူစွာ ဆင်ယင်မပြချင် သိမ်ဖျင်းလှတဲ့ အားကစားသမားတချို့နဲ့ ခြားနားစွာပဲ ဂျိုရှုအာဗန်ဆိုတဲ့ အသက် ၂၃ နှစ်ပြည့်စ ကစားသမားတစ်ယောက်က ကမ္ဘာကျော် UFC လို ထိပ်တန်းအဖွဲ့ကြီးကို မြန်မာ့အလံ ယူဆောင်ကိုင်တွယ်ခွင့်ရဖို့ တစ်စိုက်မတ်မတ်တောင်းဆိုနေသလို ဒီနေ့မှာလည်း သူက UFC Flyweight တန်းရဲ့ ထိပ်ဆုံး ၁၅ ယောက်စာရင်းအတွင်း လှမ်းဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Joshua The Fearless Van လို့ အမည်ပေးထားတဲ့ အကြောက်တရားကင်းမဲ့သူ ဟားခါးဇာတိ ချင်းလေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က အမေရိကန်နိုင်ငံသားဖြစ်ပြီး UFC Flyweight တန်းက Ranking 14 ဝင် ကိုဒီဒါဒန်ကို သုံးချီစလုံးအသာယူ ထိုးသတ်ပြပြီး အနိုင်ယူနိုင်ခဲ့လို့ UFC Flyweight တန်းရဲ့ အဆင့် ၁၅ နေရာကို တက်လှမ်းလာတာပါ။
UFC ရဲ့ Rabking ထဲက ဖိုက်တာတွေကို အနိုင်ရလည်း Ranking ဝင်ချင်မှဝင်တဲ့ UFC မှာ ဗန်လို မြန်မာ့အလံသယ်ခွင့်ပေးဖို့ပဲ စိုက်လိုက်မတ်တပ် တောင်းဆိုနေတဲ့ ဗန့်ကို နိုင်ငံရေးမုန်းတီးမှုအရ Ranking မပေးလောက်ဘူးတွက်ဆပြီး UFC Ranking ပေးတဲ့ ဒီနေ့ကို မြန်မာ့အားကစားချစ်သူတွေက ရင်မ စောင့်ကြည့်ခဲ့ရပေမဲ့ ဒီနေ့ကတော့ အပူတွေ လွင့်စင် ပျော်ပြနိုင်ခဲ့ပါပြီ။
ကစားသမားပေါင်း ၉၀၀ ကျော်ရှိတဲ့ UFC ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကထဲမှာ အမြင့်ဆုံးလို့လည်း ပြောလို့ရပြီး ဒီလိုမျိုး ကမ္ဘာ့ထိပ်တန်း UFC မှာ Ranking ဝင်ပြီး ထိပ်တန်းနေရာယူနိုင်တာကလည်း အောင်လအန်ဆန်နဲ့ ဘရော်နီကာပြီးရင် တတိယမြောက်လို့ ဆိုရမှာဖြစ်ပေမဲ့ လူငယ်မျိုးဆက်သစ်ထဲမှာတော့ အကြောက်တရားကင်းမဲ့တဲ့ကောင်လေး ဗန်က ကမ္ဘာ့အမြင့်ဆုံး ကိုယ်ခံပညာပြိုင်ပွဲမှာတော့ ပထမဆုံးအဖြစ် အမြင့်ဆုံးအဆင့် တက်လှမ်းပြတာပါ။
မြန်မာဖိုက်တာတွေထဲ လတ်တလော အအောင်မြင်ဆုံးဖြစ်တဲ့ သံမဏိစိုးလင်းဦးဟာ တစ်ဆင့်နိမ့် One Championship မှာ ဒေါ်လာ တစ်သိန်းတန်စာချုပ်ရထားပေမဲ့ Ranking မဝင်သလို တစ်ပွဲထိုးသတ်ကြေးကလည်း ပျမ်းမျှဒေါ်လာ ၂၀၀၀၀ ပဲ ရတာပါ။ ဒါပေမဲ့ ဗန်ကတော့ သူနောက်ဆုံးထိုးခဲ့တဲ့ အဂ္ဂါချိုင်ရက်ဇ်နဲ့ပွဲမှာ ထိုးသတ်ကြေးက ဒေါ်လာ ၅၀၀၀၀ နဲ့ အနိုင်ကြေး၊ တခြားခံစားခွင့်တွေပေါင်းမယ်ဆို ဒေါ်လာ ၁၅၅၀၀၀ လောက် ခံစားခွင့်ရမယ်လို့ Sportysalaries က ဖော်ပြခဲ့ပါသေးတယ်။ Short Notice နဲ့ ဝင်ထိုးတာတောင် ဒီလောက်ရတယ်ဆို UFC Ranking 14 ကိုဒီဒါဒန်နဲ့ ထိုးတဲ့ပွဲက ဘယ်လောက်ရမယ် သတင်းထွက်မလာသေးပေမဲ့ ပိုရမှာသေချာသလို ဒီအချက်အလက်တွေနဲ့ UFC မှာ Ranking ဝင်သွားမှုက ဗန့်ကို ဝင်ငွေအရရော အောင်မြင်မှုမှာပါ မြန်မာကစားသမား ဘယ်သူမှ မယှဥ်နိုင်ဘူးဆိုတာ မြင်သာစေခဲ့ပါတယ်။
အကြောက်တရားကင်းမဲ့တဲ့ ချင်းကလေး ဗန်က အရပ်ကလည်း ၅ ပေ ၅ လက်မသာရှိပြီး လက်တံအရှည် Reached ကလည်း ၆၅ လက်မသာရှိလို့ အနောက် နိုင်ငံစံနှုန်းအရ လူပုလေးပါ။ ဒီလို လူပုလေးက သူ့ထက်လူကောင်သာတဲ့ မျက်နှာဖြူတွေကို လက်သီးချက်တွေနဲ့ ဆုံးမရင်း UFC ဖလိုင်းဝိတ်တန်း အဆင့် ၁၅ ရောက်လာတာပါ။
ကမ္ဘာကျော်ဖိုက်တာတွေထက်တောင် ထိုးချက်ထိချက် ပိုမြန်လို့ ထိုးချက်အကောင်းဆုံးဖိုက်တာ အဆင့် (၁)ဖြစ်ခဲ့တဲ့ ဗန်က Fury FC ရဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံလည်းဖြစ်ခဲ့ပါတယ်။ ဗန်ဟာ UFC မှာတော့ ၅ ပွဲထိုး ၄ ပွဲပဲ နိုင်ထားပေမဲ့ ပရော်ဖက်ရှင်နယ်မှတ်တမ်းမှာ ၁၂ ပွဲအနိုင် ၂ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ ဒီအထဲမှာ သူက ကိုဒီဒါဒန်ကို အနိုင်ယူအပြီးမှာ UFC Flyweight တန်းက Ranking 5 to 10 ဖိုက်တာတွေကို စိန်ခေါ်လိုက်သေးတာပါ။
မြန်မာလူမျိုးတွေ အမှတ်ရနေမယ့် ပုံရိပ်ကတော့ UFC ဟာ မြန်မာ့အလံကို ယူခွင့်မပြုတာကြောင့် ဗန်က သူ့သွားဖုံးအကာကို မြန်မာ့အလံဒီဇိုင်းချိုးပြီး UFC နဲ့ ဒါနာဝှိုက်ကို နောက်ပွဲမှာ မြန်မာ့အလံ ယူဆောင်ခြုံခွင့်ပေးဖို့ မြန်မာ့အလံသွားဖုံးအကာလေးပြပြီး တောင်းဆိုခဲ့တာပါ။
မြန်မာ့အလံတောင် လွှမ်းခြုံ အောင်ပွဲခံဖို့ တွန့်ဆုတ်နေတဲ့ အားကစားသမားတွေအများအပြားကြား လက်ရှိအအောင်မြင်ဆုံး Joshua Van နဲ့ နိုင်ငံတော်သီချင်းကို ကမ္ဘာက ဦးညွတ်စေခဲ့ရတဲ့ ကာယဗလ ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုရ ရဲထွန်းနောင်တို့ဟာ နိုင်ငံတော်အဆင့် ဂုဏ်ပြုမှုနဲ့ မလွဲဧကန်ထိုက်တန်သူဖြစ်သလို ဗန်ဟာလည်း သူဖြစ်ချင်တဲ့ UFC Flyweight တန်းချန်ပီယံဖြစ်လာမလားဆိုတာကိုတော့….. ။
Ref & Photo – MMA Knockout & CJ