၁၀.၁၂.၂၀၂၄.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရဲ့ လူစည်ကားတဲ့ မန်ဟတ်တန်ရပ်ကွက်အတွင်းမှာ ဒီဇင်ဘာ ၄ ရက် နံနက် ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်ခန့်က ကျန်းမာရေးဝန်ဆောင်မှုနဲ့ အာမခံကုမ္ပဏီဖြစ်တဲ့ United Healthcare ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘရိုင်ယန် သောမ်ဆင်ကိုလမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်သွားခဲ့တဲ့ တရားခံသေနတ်သမားလို့ ရဲတပ်ဖွဲ့က ယူဆတဲ့ အသက် ၂၆ နှစ်ရှိ လူဂီ မန်ဂျီအွန် (Luigi Mangione) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာ မွေးဖွားတာဆိုတဲ့ မန်ဂျီအွန်ကို လုပ်သေနတ်တစ်လက်နဲ့ စာမျက်နှာ သုံးမျက်နှာပါလက်ရေးစာရွက်စာတမ်းတို့နဲ့အတူ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ အယ်လ်တူနာမြို့မှာရှိတဲ့ McDonald ဆိုင်မှာဖမ်းဆီးမိခဲ့တာလို့လည်း သိရပါတယ်။ ဖမ်းဆီးပြီးနာရီပိုင်းအကြာမှာပဲ မန်ဂျီအွန်ကို နယူးယော့ခ် စုံစမ်းစစ်ဆေးရေးအရာရှိတွေက လူသတ်မှုနဲ့ အခြားအမှုလေးမှုတို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။
မန်ဂျီအွန်က မေရီလင်းပြည်နယ်မှာပဲ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့နဲ့တော့ အဆက်အသွယ်တွေရှိတယ်လို့ ဆိုပါတယ်။ ဒီအရင်က နယူးယော့ခ်မှာ ဖမ်းဆီးခံခဲ့ရတာမျိုးတွေမရှိသလို သူ့ရဲ့နောက်ဆုံးလိပ်စာကတော့ ဟာဝိုင်အီပြည်နယ်၊ ဟိုနိုလူလူမြို့မှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ သူက ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကျောင်းမှာလည်း အမှတ်အများဆုံးရရှိခဲ့သူဖြစ်ကာ သူ့အတွက် အရာအားလုံးပြည့်စုံသူပါလို့ အတန်းဖော်တစ်ယောက်က ပြောခဲ့ပါတယ်။
မန်ဂျီအွန် က ပန်ဆယ်လ်ဗေးနီးယားပြည်နယ် တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်ပြီး ကွန်ပျူတာသိပ္ပံ ဘာသာရပ်မှာ ဘွဲ့နဲ့ မဟာဘွဲ့ကိုပါ ရခဲ့ပါတယ်။ သူက ကားအသစ်နဲ့ ကားအဟောင်းတွေအတွက် ဒစ်ဂျစ်တယ် လက်လီရောင်းချတဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ TrueCar မှာ အချက်အလက် အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
မန်ဂျီအွန်က အယ်လ်တူနာမြို့မှာရှိတဲ့ McDonald ဆိုင်ကိုအရောက်မှာ ဆိုင်ကိုလာတဲ့ စားသုံးသူတစ်ဦးကပဲ သူ့ကိုမှတ်မိပြီး ဆိုင်ဝန်ထမ်းတစ်ဦးကို သတင်းပေးခဲ့တာပါ။ ဒီကနေ အာဏာပိုင်တွေကို သတင်းပေးနိုင်ခဲ့တာပါပဲ။ ရဲတပ်ဖွဲ့က မန်ဂျီအွန်ဆီမှာ အမည်ရင်းနဲ့ မှတ်ပုံတင်အတုပါတွေ့ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးမှုမှာ အကြမ်းဖက်ခုခံမှုလည်းမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုနဲ့ အာမခံကုမ္ပဏီဖြစ်တဲ့ United Healthcare ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကို သတ်ခဲ့တဲ့အကြောင်းရင်းကို အတိအကျမသိသေးပေမယ့် အမေရိကန်နိုင်ငံရဲ့ကျန်းမာရေးစနစ်အပေါ် မကျေမနပ်နဲ့ တငွေ့ငွေ့လောင်ကျွမ်းဒေါသဖြစ်နေမှုကြောင့်ပဲလို့ ဆိုကြပါတယ်။
Ref- bbc