၁၀ . ၁၂. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် အိမ်အကူအမျိုးသမီးကို PDF ခုနစ်ဦးက သတ်ဖြတ်ပြီး ကျပ်သိန်း ၇၀၀ ခန့် လုယက်ယူဆောင်သွားမှု ဒီဇင်ဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာ၊ ပုဂံ-ချောက်ကား လမ်းဘေးရှိ “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင်၌ အဆိုပါကျေးရွာနေ ဆိုင်ရှင်ဖြစ်သူ ဦးမောင်လတ် (၆၅)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ရီရီမြင့်(၆၁)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်ချောစု(၄၅)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဦးမောင်လတ်အား ဆိုင်နောက်တွင် ကြိုးတုပ်ထားပြီးနောက် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် သိန်း ၇၀၀ ခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်၊ လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံ စသည့် ဖြစ်စဉ်ဖြစ်ပွားရာအရပ်ပတ်လည်တွင် ကျက်စားသည့် PDF များဘက်က ငြင်းဆိုထားခြင်းမရှိသလို ဝန်ခံထားခြင်းလည်း မရှိသေးချေ။
PDF များ၏ နာမည်ကျော် လူသတ်ဓားပြတိုက်မှုများအနက် အဆိုပါဖြစ်စဉ်နေရာနှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသည့် မြင်းခြံမြို့တွင်လည်း ၂၀၂၃ ခုနှစ်အတွင်းက လူသတ်လုယက်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်တွင် NUG လက်အောက်ခံ မြင်းခြံခရိုင် တပ်ရင်း (၅) MG 6 ပြောက်ကျားတပ်သည် မြင်းခြံမြို့ အမှတ် (၇) ရပ်ကွက်၊ စည်ပင်သာယာစျေးမြောက်ဘက်ရှိ နီနီလွင်ရွှေဆိုင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်တွင် ဓားပြတိုက်ပြီး ဆိုင်ရှင် ဦးဇော်နိုင်ထွန်းကို သေနတ်နှင့် ပစ်သတ်မှု ကျူးလွန်ခဲ့သည်။ ထို့အတူ မုံရွာမြို့ရှိ န၀ရတ်ရွှေဆိုင်ကိုလည်း NUG လက်အောက်ခံ PDF ၉ ဦးက စက်တင်ဘာ ၂၆ ရက်နေ့တွင် ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုး ရွှေထည်များ လုယက်မှုမှာလည်း တရားခံ ၇ ဦးအထိ ဖမ်းမိထားမှု ၁ လကျော်လာချိန်အထိ ဖမ်းဆီးသည့် မုံရွာပလဖက ရွှေထည်များကို ပြန်မပေးသေးသလို ဖမ်းမိထားသည့် PDF ၇ ဦးကို စစ်ဆေးမှုနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲဖြစ်စဉ်များကိုလည်း ယနေ့အထိ ထုတ်ပြန်လာခြင်းမရှိပေ။