၁၀.၁၂.၂၀၂၄
Written By Zun
မန္တလေးဈေးချိုတစ်ဝိုက်တွင် ဘိုးမင်းခေါင်၏ခိုင်းစေမှုကြောင့်ဟုပြောဆိုကာ အလှူခံသည့်အဖွဲ့ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ထံက သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းက မန္တလေး၊ ၂၉-လမ်း၊ ၈၅ လမ်း×၈၆ လမ်းကြား ဈေးအတွင်း ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်များ အလှူခံနေကြကြောင်း၊ အဆိုပါအလှူခံအဖွဲ့တွင် ဘုန်းကြီးက သပိတ်ဖြင့်ရှေ့ကကြွကာ ယောဂီအညိုရောင်ဝတ်ထားသည့်လူပုဂ္ဂိုလ်နှင့် အခြားလူ(၁၀)ဦးခန့်က နောက်ကလိုက်ကြကြောင်း၊ အလှူငွေ လှူဒါန်းသူများအား အဆောင်လက်ဖွဲ့များ ပြန်ပေးကြကြောင်းလည်း သိရသည်။
ထို့ကြောင့် ခေါ်ယူစစ်ဆေးစဉ် အလှူခံသည့် ဘုန်းကြီးမှာ မကြာသေးခင်ကမှ သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးဖြစ်ကြောင်း၊ (၉)တောင်ပြည့် စေတီတည်နေပြီး စေတီတည်ရန် ဘိုးမင်းခေါင်ကခိုင်း၍ ယခုကဲ့သို့ အလှူခံထွက်လာရခြင်းဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။
“ဒီဇင်ဘာလ နံနက် (၈)နာရီ(၁၅)မိနစ်အချိန်ခန့်က မန္တလေး၊ ၂၉-လမ်း၊ ၈၅×၈၆-လမ်းကြား ဈေးထဲမှာ ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်များ အလှူခံနေကြကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ လျှောက်ထားတိုင်ကြားချက်အရ (မနက)ဥက္ကဋ္ဌဆရာတော်ဦးဆောင်ပြီး သာ/ထိန်းအဖွဲ့ဆရာတော်များ ကြွရောက်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ရုံးသို့ ခေါ်ဆောင်ပြီး စစ်ဆေးကြပါတယ်။ အလှူခံပုံနည်းက ဘုန်းကြီးက သပိတ်နှင့် ရှေ့ကနေကြွ၊ ယောဂီအညိုရောင်ဝတ်လူပုဂ္ဂိုလ်နှင့် လူ(၁၀)ယောက်ခန့်က နောက်ကနေ လိုက်ကြပြီး ပိုက်ဆံများလှူဒါန်းလျှင် အဆောင်လက်ဖွဲ့များ ပေးကြပါတယ်။ ဘုန်းကြီးဖြစ်တဲ့ ပုဂ္ဂိုလ်မှာ ရေကြီးစဉ်အချိန်က လူတွေကို ကယ်ရင်း လှေမှောက်ကာ ရေထဲမျောပါပြီး တစ်ရက်ကြာမှ ပြန်တွေ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သင်္ကန်းဝတ်တာ (၈)ရက်ပဲ ရှိပါသေးတယ်။ အောင်မြေသာစံမြို့နယ်၊ အလ္လကပ္ပတိုက်၊ ကျောင်းသစ်ကျောင်းမှာ (၉)တောင်ပြည့် စေတီလေးတည်နေတယ်လို့ သိရပါတယ်။ အဲ့ဒီဘုရားအတွက် ဘိုးမင်းခေါင်က ခိုင်းလို့ ယခုလို အလှူခံ ထွက်လာရတယ်လို့ ဆိုပါတယ်”ဟု ယင်းဖြစ်စဉ်ကို လိုက်ပါရှင်းလင်းသည့် အရှင်ကဝိန်က ပြောဆိုသည်။
ယင်းကြောင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ လျှောက်ထားတိုင်ကြားချက်အရ (မနက)ဥက္ကဋ္ဌ ဆရာတော်ဦးဆောင်၍ သာသနာတော်ထိန်းအဖွဲ့ဆရာတော်များ ကြွရောက်ကြကာ အလှူခံများကို အဖွဲ့ရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်က ယခုကဲ့သို့ လုပ်ဆောင်ရသည့်အကြောင်းကို မေးမြန်းရာ ယင်းဘုန်းကြီးက ဘိုးမင်းခေါင်က ခိုင်း၍ လုပ် ဆောင်ကြောင်း၊ ယင်းသို့ နောင်မလုပ်ဆောင်ရန် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်းနှင့် နောက်လိုက် လူပုဂ္ဂိုလ်များ၏ နေရပ်လိပ်စာများကိုလည်း မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားခဲ့ကြောင်း သိရသည်။ ယခုအလှူခံအဖွဲ့ကို ပထမအကြိမ်စစ်ဆေးတွေ့ရှိရခြင်းဖြစ်သောကြောင့် နောက်တစ်ကြိမ် မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်းလည်း သိရသည်။