
၁၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
လာမည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွက် အရည်သွေးပြည့်ဝပြီး ဈေးနှုန်းမှန်ကန်သော ဓာတ်မြေဩဇာများ တင်သွင်းနိုင်ရေး ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသောကုမ္ပဏီများ ယခု ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား ဆက်သွယ်ရန် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ အသိပေးကြေညာထားသည်။
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းမှန်ကန်သော ယူရီးယားနှင့် ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာများ တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွက် အဆိုပါ ဓာတ်မြေဩဇာများ တင်သွင်းနိုင်ရေးကို ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ယူရီးယားနှင့် ၁၅ ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာများ တင်သွင်းလိုသော အသင်းဝင်ကုမ္ပဏီများအနေဖြင့် ဦးဆောင်ကော်မတီနှင့် အသင်း၏ email များဖြစ်သော info@mfspea.com, vicepresident-1@mfspea.com, vicepresident-2@mfspea.com, generalsecretary@mfspea.com, ureacommittee@gmail.com နှင့် ဖုန်းနံပါတ် ဝ၉-၉၈၈၅၃၉၃၆ဝ များသို့ ပေးပို့၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာာ ၁၆ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာထားသည်။
“လောလောဆယ်ကတော့ ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင်ပေးရဦးမှာ။ ကုမ္ပဏီအသီးသီးကနေပေါ့။ တင်ဒါလိုပုံစံနဲ့ ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်ပေးရမှာ။ ပြီးတော့မှ အဲဒါတွေ အကုန်လုံးကို ဈေးတွေစစ်ဆေးပြီးတော့ အစည်းအဝေးတွေထိုင်ပြီးတော့မှ သက်ဆိုင်ရာအစိုးရအဖွဲ့တွေ ဦးဆောင်ကော်မတီတို့ကနေ သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းရှိလိမ့်မယ်။ နိုင်ငံတကာမှာ အခုလက်ရှိ ဘယ်လိုတွေသွားနေလဲလုပ်မယ်။ ပြီးတော့မှ ဈေးနှုန်းတွေကို အတည်ပြုလိုက်ပြီဆိုရင် အတည်ပြုလိုက်တဲ့ ဈေးနဲ့ပဲ သက်ဆိုင်ရာကုမ္ပဏီတွေ အကုန်လုံးက သတ်မှတ်ပေးထားတဲ့ ဈေးနဲ့ပဲ ရောင်းချပေးရမယ့် သဘောလေးပေါ့” ဟု မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
တောင်သူများအဓိက သုံးစွဲသည့်ဓာတ်မြေဇာ ရန်ကုန်အထိုင်ဈေးအား ယခုဒီဇင်ဘာလအတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်း ယူရီးယားဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး သတ်မှတ်လျာထားပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ခုနစ်လအတွင်း ဓာတ်မြေဩဇာ တန်ချိန် ၇၂၀,၀၀၀ ကျော် တင်သွင်းထားမှုမှ တောင်သူလယ်သမားများထံ တန်ချိန် ၅၁၃,၀၀၀ နီးပါးအထိ ဖြန့်ဖြူးရောင်းချပေးထားကာ ဂိုဒေါင်လက်ကျန် တန်ချိန် ၂ သိန်းကျော် ကျန်ရှိနေသေးကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။