၁၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို အတိုက်အခံ သူပုန်တပ်များက သိမ်းပိုက်နိုင်ကာ ဆီးရီးယားနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်နေရသည့်ကာလ၌ပင် အစ္စရေးတပ်ဖွဲ့များက ဂိုလန်ကုန်းမြင့်၏ ဆီးရီးယားနိုင်ငံဘက်ရှိ ကြားခံနယ်များကိုပါ ဒီဇင်ဘာလ ၉ ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ကြကြောင်း သိရသည်။
ဟစ်ဇ်ဘိုလာတို့၏ မီဒီယာများတွင် အစ္စရေးတို့၏ တင့်ကားများက ဂိုလန်ကုန်းမြင့် ကြားခံနယ်မြို့ဖြစ်သော ကူနီးထရာမြို့ကိုဖြတ်ကျော်ကာ ဒမတ်စကပ်မှ ၂၁ ကီလိုမီတာသာဝေးသည့် ကွာတာနာမြို့တွင် စခန်းချရပ်တန့်နေကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်သတင်းများတွင်မူ အစ္စရေးတပ်ဖွဲ့ များက ဒမတ်စကပ်မြို့၏အစွန်အဖျားနေရာများအထိ ရောက်ရှိလာကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် အစ္စရေးစစ်တပ်ဘက်ကမူ လောလောဆယ်တွင် ထိုသတင်းများအပေါ် တစ်စုံတစ်ရာဝေဖန်ပြောကြားမှု မရှိသေးပေ။
ဆော်ဒီအာရေဗျအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် အစ္စရေးနှင့် ဆီးရီးယားအကြားရှိ ဂိုလန်ကုန်းမြင့်ဒေသ ကြားခံနယ်များကို သိမ်းယူခဲ့ခြင်းက အစ္စရေးအနေဖြင့် ဆီးရီးယားနိုင်ငံတွင် လုံခြုံရေးပြန်လည်ရရှိရန် အခွင့်အရေးကို ပျက်ပြားစေလိုနေသည်ကို ဖော်ပြနေကြောင်း ရေးသားခဲ့သည်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆီးရီးယားစစ်တပ်များက ဂိုလန်ကုန်းမြင့်ဒေသ ကြားခံနယ်များကို စွန့်ခွာသွားပြီးနောက် အစ္စရေးစစ်တပ်များက ထိုနေရာများတွင် ခေတ္တဝင်ရောက်နေရာယူထားခြင်းသာဖြစ်မည်ဟုမျှော်လင့်ကြောင်း၊ အစ္စရေးအနေဖြင့် အမြဲသိမ်းထားလိမ့်မည်မယူဆကြောင်း ကာကွယ်ပြောကြားခဲ့သည်။
Ref- Times of Israel