MT News
အင်းလေး ဖောင်တော်ဦးဘုရားပွဲ ဖောက်ခွဲမည့် PDF အဖွဲ့များမှ ၁၄ ဦးကို လခရများ ဖမ်းဆီးမိရာတွင် ၆ ဦးကိုအသေဖမ်းမိခဲ့ပြီး PDF ၈ ဦးကို အရှင်ဖမ်းမိကာ ယင်းတို့တိုက်ခိုက်ဖောက်ခွဲမှုပြုမည့် လက်နက်ခဲယမ်းများကိုလည်း လက်ဝယ်ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ဆရာတော်ဦးဇဝနကို ဖမ်းမိခဲ့ပြီး ယင်း၏ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၉ ရက်တွင် PDF များကို ကူညီနေသည့် သန်းဇော်ဌေး(ခ) သားငယ်နှင့် PDF ခေါင်းဆောင်ဇော်ဇော်အောင် (ခ) ဆရာကျောင်းနှင့် အဖွဲ့ဝင် အိုက်ရွန်တို့ ဖမ်းမိခဲ့ပြီး ဇော်ဇော်အောင် ထွက်ဆိုချက်အရ လခရလှုပ်ရှားမှူများသတင်းပေးသည့် တင်တင်ညို(ခ) မလေးနှင့် PDF များကို ငွေကြေးထောက်ပံ့သူမင်းမင်းဦးကို ဖမ်းမိခဲ့သည်။
ထို့ပြင် ဇော်ဇော်အောင် ထွက်ဆိုချက်အရ လခရများက ညောင်ရွှေမြို့နယ်ရှိ လုံကန်၊ တောင်တို၊ တောင်ခြားပြင်ရွာများကို နယ်မြေရှင်းလင်းစဥ် တောင်ခြားပြင်ရွာ၌ PDF များဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ခေါင်းဆောင်ဖိုးခွား(ခ) အင်းဖိုးခွားအပါအဝင် ၅ ဦးကို အသေဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများစွာ ဖမ်းမိခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ကံရွာကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့အား ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် PDF အဖွဲ့ဝင်များ ဖြစ်သော တရားခံ ဇော်မျိုးအောင်၊ ဇွဲညီထွန်းနှင့် ကတုံး(သေဆုံး)တို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦးမ ၁ ဦး၊ ပေါင်း ၈ ဦး၊ PDF အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခုနှင့် Drone ၁ စင်းတို့အား ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ) ဆရာကျောင်း ခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၁၅ ဦးဖမ်းဆီးရန်ကျန်၊ တရားခံ ဖိုးခွား(ခ) ဖားပျံဖိုးခွား ခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၁၀ ဦး ဖမ်းဆီးရန်ကျန်၊ တရားခံ ကိုစိုင်း ခေါင်းဆောင်သော PDF အကြမ်းမှ အင်အား ၁၅ ဦး၊ ဖိုးခွား(ခ) အင်းဖိုးခွား ခေါင်းဆောင်သော PDF မှ အင်အား ၂၀ ဦး၊ PNDF အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ခွန်ရောင်နီ(ခ) အောင်ဝင်း ခေါင်းဆောင်သော အင်အား ၁၀ ဦး စုစုပေါင်း အကြမ်းဖက်အင်အား ၇၀ ဦးခန့် တို့သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ပင်လောင်း၊ ညောင်ရွှေအင်းလေး ဒေသအတွင်းသို့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှတစ်ဆင့် အဖွဲ့များခွဲ၍ ဝင်ရောက်လာခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ လုံခြုံရေးကင်းစခန်းများနှင့် ပေါင်းပိန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ပြီး အစိုးရဌာန ဆိုင်ရာ အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရားဖူးများဖြင့် စည်ကားနေသည့် ဖောင်တော်ဦးဘုရားဝန်းကျင်နှင့် ဖောင်တော်ဦး ဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား ထိတ်လန့်ခြောက်ခြားစေရန်နှင့် သေကြေပျက်စီးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆက်လက်ဖောက်ခွဲမှုများ ဆောင်ရွက် သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။