၁၀. ၁၂. ၂၀၂၄
Written by Tha Doe
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ ကျင်းပမည့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်ပွားနေပြီး ပြည်တွင်းရေးမတည်ငြိမ်သောနိုင်ငံလေးခုက Group – E ၌ သီးသန့်ဆုံတွေ့နေကြောင်း သိရသည်။
ပြည်တွင်းစစ် အနှစ် ၇၀ ကျော်ဖြစ်နေသော မြန်မာနိုင်ငံတွင် ၂၀၂၁ မဲမသမာမှုဖြစ်စဥ်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များ LPDF များနှင့် အမည်ခံတပ်မတော်များအပါအဝင် လက်နက်ကိုင် အဖွဲ့ ၆၀၀ ကျော် ထပ်မံပေါ်ထွန်းလာနေသလို နှစ်ဖက်လက်နက်ကိုင်များကြား လူ သောင်းချီသေဆုံးခဲ့သော စစ်ပွဲများ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်သည်။ ထိုသို့သော မြန်မာနိုင်ငံနှင့် အစ္စလာမ္မစ်အစွန်းရောက် သူပုန်လက်နက်ကိုင်များ အနိုင်ရပြီး သမ္မတပင် ထွက်ပြေးရသော ဆီးရီးယားနိုင်ငံတို့မှာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွင် ဆုံတွေ့နေသည်။
အလားတူ အမေရိကန်နိုင်ငံက တာလီဘန်အစိုးရကို ဖြုတ်ချသိမ်းပိုက်ပြီးနောက် စည်းမျဥ်းခံသမ္မတတင်ပေးကာ နောက်ကွယ်မှ အာဏာချုပ်ကိုင်ထားသော်လည်း အစ္စလာမ္မစ်အစွန်းရောက်တာလီဘန်သူပုန်များက အမေရိကန်တပ်များ ရုပ်သိမ်းသည့်အထိ အနှစ် ၂၀ ကျော်တိုက်ထုတ်၍ ပြန်လည် အာဏာချုပ်ကိုင်ထားနိုင်သည့် အာဖဂန်နစ္စတန်နိုင်ငံနှင့်လည်း မြန်မာနိုင်ငံသည် ၂၀၂၇ ခုနှစ်၊ အာရှဖလားခြေစစ်ပွဲတွင် ထိပ်တိုက်တိုးနေသည်။
ထိုနည်းတူ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့လောက် မပြင်းထန်သော်လည်း တရုတ်မုန်းတီးရေးပြင်းထန်ပြီး တရုတ်စီမံကိန်းများကို ဗုံးခွဲတိုက်ခိုက်နေသည့် ဘလူးချိစတန်ပြည်နယ်မှ ဘာလော့လူမျိုးစုလက်နက်ကိုင်များ(BLA)၊ Tehreek-e-Taliban Pakistan ဟုခေါ်ဆိုကြသည့် ပါကစ္စတန်တာလီဘန်အဖွဲ့များ အပါအဝင် အစ္စလာမ္မစ်အစွန်းရောက် လက်နက်ကိုင် အဖွဲ့ရေရာချီ ကြီးစိုးပွားများရာ ပါကစ္စတန်နိုင်ငံနှင့်လည်း မြန်မာနိုင်ငံက ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွင် ဆုံတွေ့နေသည်။
၂၀၂၇ အာရှဖလားခြေစစ်ပွဲတွင် စစ်ဖြစ်ပွားနေပြီး နိုင်ငံရေးမတည်ငြိမ်သောနိုင်ငံများ သီးသန့်ဆုံတွေ့နေသည့်အပေါ် Asian Football Confederation ကို လှောင်ပြောင်ဝေဖန်မှုများရှိနေသလို အဆိုပါ ဆီးရီးယား၊ အဖဂန်နစ္စတန်၊ မြန်မာနှင့် ပါကစ္စတန်တို့ ဆုံတွေ့ကြောင်း ဖော်ပြထားသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်မှုအောက်တွင်လည်း လှောင်ပြောင်ဝေဖန်မှု ရာနှင့်ချီရှိနေသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံအပါအဝင် မငြိမ်းချမ်းသော နိုင်ငံလေးခု သီးသန့်ဆုံတွေ့ပေးထားသည့် အဆိုပါ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ကွင်းသုံးပွဲယှဥ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်တွင် အာဖဂန်နစ္စတန်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဆီးရီးယားနှင့် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တို့တွင် ပါကစ္စတန်တို့ကို သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
ပုံစာ။ ၂၀၂၇ အာရှဖလား ဆုံတွေမှုနှင့် MFF အောက် လှောင်ပြောင်ကြမှုများ ပုံရိပ်။