၁၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
အဂတိလိုက်စားမှု ကျူလွန်သူများကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုနှင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အတိအကျထည့်သွင်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု ကျူးလွန်သူများကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနှင့်အညီ တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ကြရန် လိုအပ်သည်ကို အသိပေးမှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ လက်တွေ့တွင်လည်း အဆိုပါအယူအဆ မှန်ကန်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေးလာဘ်ယူမှုလောက်သာ ထင်မှတ်ကြသော်လည်း တကယ်တော့ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကိုရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်းများ ဖြစ်ပေါ်လာစေကြောင်း၊ ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု၊ ရောဂါဆိုးကြီးတစ်ခုဟု ဆိုနိုင်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။