◾️ နိုင်ငံတကာအလယ်တွင် မြန်မာ့အလံကို လွှင့်ထူနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာကို မြင့်မားစေသည့် အားကစားကဏ္ဍ မြင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်ပေးရန်ပါ တိုက်တွန်းပြောကြား
၉. ၁၂. ၂၀၂၄
Written by Hey Mar
အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏ အားကစား အဆင့်အတန်း ပြန်လည်ဦးမော့လာခဲ့သလို တိုးတက်အောင်မြင်မှု အထိုက်အလျောက် ရရှိနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစား အဆင့်အတန်းသည် ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှု အထိုက်အလျောက်ရနေပြီလည်းဖြစ်ကြောင်း၊ အားလုံးက ထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခုထက် ပိုပြီးအောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင်၊ နိုင်ငံတကာအလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ခေတ်အဆက်ဆက်က မိမိတို့၏တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ကြောင်း၊ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် အလံတိုင်ထိပ်ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကို အလွန်မြင့်မားစေပြီး နိုင်ငံ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ဆယ်နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးအသားအားကစားပွဲတော်ကြီးအား ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲအတွက် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲအတွက် အားကစားနည်း ၆ မျိုးနှင့် မသန်စွမ်း အားကစားပြိုင်ပွဲ ၄ မျိုးတို့ဖြင့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။