၉.၁၂.၂၀၂၄
Written By Thandar
Brave Empire Entertainment ရဲ့ ဟဲဗီးဒရာမာ ဇာတ်လမ်းပုံစံ “တိမ်ပန်းချီ ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဝတ္ထုက ဆရာဟမ်စိုင်းရဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ ဝတ္ထုလည်းဖြစ်တယ်။ ဒီအတွက်ကြောင့် ပွင့်က ရိုက်ကူးချိန်မှာလည်း အရမ်းလည်း တာဝန်ကြီးတာပေါ့နော်။ ဒီဝတ္ထုကို တအားကြိုက်ကြတယ်။ Feedback တအားကောင်းထားတော့လေ ပွင့်ရိုက်လိုက်လို့ တစ်ခုခုဖြစ်သွားမလားလည်း စိုးရိမ်စိတ်ရှိပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကလည်း အများကြီး မျှော်လင့်ထားကြတယ်။ တချို့အရာတွေက ဝတ္ထုနဲ့ ထပ်တူကျဖို့ မလွယ်တာ တွေရှိပါတယ်။ တိမ်ပန်းချီကို ပွင့်အမြင်ကိုယ့်ဖန်တီးမှုလေးတွေနဲ့ သွားတာမို့ ကွဲလွဲတာလည်းရှိနိုင်မယ်။ ပွင့် ဒီ Feedback တွေကို ရင်လည်းခုန်ပါတယ်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ကစ်အတွက် ၄ နှစ်အကြာမှ ပထမဦးဆုံး ပြန်လည်ရိုက်ကူးဖြစ်တဲ့ ဇာတ်ကားပါ။ ကစ်ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ကစ်ပြန်လက်ခံရိုက်ဖြစ်တာလည်း ပါပါတယ်။ တိမ်ပန်းချီဆိုတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကုန်လုံးကလည်း အခန်းတိုင်း၊ အခန်းတိုင်းမှာ သူ့နေရာနဲ့ သူ ထိထိမိမိကို သရုပ်ဆောင်ထားကြတဲ့ ဒရာမာဇာတ်လေးပါ။ ကစ်က ဒီဇာတ်ကားကို တကယ့်ကို စင်တင်ကောင်မလေးကို သေချာရုပ်ဖျက်ပြီးတော့ သွားကြည့်လေ့လာပြီမှ ရိုက်ခဲ့တဲ့ ဇာတ်ကားပါ”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။
“တိမ်ပန်းချီ ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
#အကယ်ဒမီဝတ်မှုန်ရွှေရည်
#အေးချမ်းမောင် #နေမျိုးအောင်
#စည်ဖြိုး #ညီနန္ဒ #အကယ်ဒမီမယ်လိုဒီ
နှင်းယု #WuttHmoneShweYi
#AyeChanMg #NayMyoAung