◾ ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးနေတာ လျှော့ချဖို့နဲ့ အမေရိကန်ကို နေတိုးကနုတ်ထွက်ဖို့ ထရန့် ပြောကြား
၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းနဲ့စစ်ပွဲကို အလျင်အမြန်ရပ်ဆိုင်းဖို့ ဒီဇင်ဘာလ ၈ ရက်က တိုက်တွန်းခဲ့သလို ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ယူကရိန်းနိုင်ငံအဖို့လည်း စစ်ပွဲရပ်ဆိုင်းဖို့ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ကြိုးစားသင့်ပြီး စိတ်ကူးယဉ်အရူးထမှုကို ရပ်သင့်ပြီလို့ လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။
ဒီဇင်ဘာလ ၈ ရက်က ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ထရန့်က သူ့အနေနဲ့ ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးနေတာ လျှော့ချဖို့နဲ့ အမေရိကန်ကို နေတိုးက နုတ်ထွက်ဖို့လည်းလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ထရန့် ရဲ့ ပြောကြားချက်တွေကတော့ ယူကရိန်း၊ နေတိုးမဟာမိတ်တွေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးအဝန်းအဝိုင်းအတွင်းက တခြားနိုင်ငံတွေကိုပါ ထိတ်လန့်သွားစေတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
“ယူကရိန်းအစိုးရ အနေနဲ့လည်း အပစ်အခတ်ရပ်ဆိုင်းရေးကို လိုလားမှာပါ။ ယူကရိန်းစစ်ပွဲအတွက် အပစ်အခတ်ရပ်ဖို့နဲ့ ညှိနှိုင်းဆွေးနွေးမှုကို ချက်ချင်းစသင့်ပါပြီ။ ပူတင်အနေနဲ့လည်း ဒီအတွက် ကောင်းစွာ တုံ့ပြန်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ တရုတ်နိုင်ငံကလည်း ဒီအတွက် ကူညီနိုင်မှာပါ။ ကမ္ဘာကြီးကလည်း ဒီရလဒ်ကောင်းကို စောင့်နေကြမှာပါ” လို့ ထရန့်က ပြောခဲ့ပါတယ်။
ထရန့်က ရက်သတ္တပတ်အကုန်မှာ ပါရီမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုမှာ ပြင်သစ်နဲ့ ယူကရိန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။ ဇယ်လန်စကီးက ဒီဇင်ဘာလ ၇ ရက်မှာ ဒေါ်နယ်ထရန့်၊ ပြင်သစ်သမ္မတ မက်ခရွန်တို့နဲ့ ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့တော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။
ဇယ်လန်စကီးက “ရုရှားနဲ့ ထိရောက်တဲ့ဆွေးနွေးပွဲတစ်ရပ် ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ ထိရောက်တဲ့ ငြိမ်းချမ်းရေးအာမခံချက်တွေကို အရင်ဆွေးနွေးရမှာပါ။ ယူကရိန်းပြည်သူတွေက ဒီပြင်လူတွေထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်” လို့ Telegram မှာ ဒီဇင်ဘာလ ၈ ရက်က ရေးခဲ့ပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကလည်း ထရန့်ရဲ့ ပြောကြားချက်တွေအပေါ် တုံ့ ပြန်ပြောကြားရာမှာ ရုရှားအစိုးရအဖို့ ကာလကြာစွာစောင့်ဆိုင်းလာခဲ့ရတဲ့သဘောထားက ယူကရိန်းနဲ့ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။
ထရန့် က NBC သတင်းဌာနနဲ့ ဒီဇင်ဘာလ ၆ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း အမေရိကန်အနေနဲ့ အနောက်အုပ်စု စစ်မဟာမိတ်အဖွဲ့ဖြစ်တဲ့ နေတိုးမှာ ဆက်မပါတေ့ာဖို့ လုပ်ဆောင်သွားမယ်ဆိုတာ ပြောခဲ့ပြန်ပါတယ်။ ဒီပြောကြားချက်က နေတိုးမဟာမိတ်တွေအဖို့တော့ တကယ့်ကို သတိပေးချက်တစ်ခုဖြစ်ခဲ့ရပါတယ်။ ထရန့် က ဥရောပနိုင်ငံတွေနဲ့ ကနေဒါအစိုးရတို့ကို နေတိုးအဖွဲ့ဟာ အမေရိကန်ရဲ့ စစ်ရေးကုန်ကျစရိတ်ကျခံမှုနဲ့သာ လည်ပတ်နေပြီး ကျန်နိုင်ငံတွေက ကပ်ပါးရပ်ပါး လုပ်နေကြတာလို့ ပြောခဲ့တာကြာပါပြီ။
အမေရိကန်အနေနဲ့ နေတိုးက နုတ်ထွက်မလားဆိုတဲ့မေးခွန်းကိုတော့ ထရန့်က ကျန်တဲ့အဖွဲ့ဝင်တွေကလည်း သူတို့ ကုန်ကျခံသင့်တာတွေကို ဝိုင်းဝန်းကုန်ကျကြမယ်။ အမေရိကန်နဲ့အတူ မျှမျှတတ ကျခံမယ် ဆိုရင်တော့ နေတိုးမှာ အမေရိကန်က ဆက်နေမှာပါလို့ ပြောခဲ့ပါတယ်။
Ref- Time