၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့အတွင်း အလည်အပတ်ခရီးလာရောက်နေတဲ့ အသက် ၅၂ နှစ်ရှိ စင်ကာပူနိုင်ငံသား၊ ကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ ကာတူးခရိုင်၊ ပါတုံ ပင်လယ်ကမ်းခြေမှာ ဒီဇင်ဘာလ ၇ ရက်က ခန္ဓာကိုယ်ကို ကြာရှည်စွာအနှိပ်ခံပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ သေဆုံးခဲ့ရပါတယ်။
ပါတုံ ပင်လယ်ကမ်းခြေ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ချာလမ်ချိုင်း ဟန်ဆာဝပ်က ဖြစ်စဥ်ကို ပြောကြားရာမှာ ကမ်းခြေရှိ အနှိပ်ဆိုင်တစ်ဆိုင်က ရဲတပ်ဖွဲ့ထံဆက်သွယ်ပြီး သူတို့မှာ စင်ကာပူကမ္ဘာလှည့်ခရီးသွားတစ်ဦးနဲ့ပတ်သက်လို့ ပြဿနာဖြစ် နေရတယ်လို့ ဒီဇင်ဘာလ ၇ ရက် နံနက် ၁၁ နာရီ ၃ မိနစ်မှာသတင်းပို့ခဲ့တယ် ဆိုပါတယ်။
လီမန်တက် အမည်ရှိတဲ့ စင်ကာပူ ကမ္ဘာလှည့်ခရီးသွားဟာ အဆိုပါအနှိပ်ဆိုင်မှာ ခန္ဓာကိုယ်ကို ဆီသုတ်လိမ်းကာ ၄၅ မိနစ်ကြာ အနှိပ်ခံခဲ့တယ် ဆိုပါတယ်။ သူ့ကို နှိပ်လို့အပြီးမှာတော့ ခဏ အနားယူနေစဉ် သူက အသက်ရှုရပ်သွားခဲ့တာလို့ ချာလမ်ချိုင်းက ပြောခဲ့ပါတယ်။
အနှိပ်ဆိုင်က ရဲအဖွဲ့ကို အကူအညီတောင်းပြီး ရှေးဦးသူနာပြုစုနည်းတွေနဲ့ လူနာကို အသက်ပြန်ရှုလာအောင်ကြိုးစားခဲ့ပေမယ့် လီမန်တက်က သတိပြန်လည်မလာခဲ့တော့ပါဘူး။
လီ ရဲ့ ဇနီးဖြစ်သူက သေဆုံးတဲ့အကြောင်းရင်းသိဖို့ ခွဲစိတ်စစ်ဆေးမှုကို ခွင့်မပြုခဲ့ဘဲ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာတွေအတိုင်း ဆောင်ရွက်ဖို့ သေဆုံးသူရဲ့အလောင်းကို ပြန်လည်သယ်ဆောင်သွားမယ်လို့ သိရပါတယ်။
အနှိပ်ဆိုင်အမည်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်မပြောခဲ့ပါဘူး။
အခုရက်သတ္တပတ်အကုန်မှာပဲ စင်ကာပူနိုင်ငံသားအပြင် ထိုင်းအမျိုးသမီး အဆိုတော်တစ်ဦးဟာလည်း လွန်ခဲ့တဲ့ လအတွင်းက အနှိပ်ခံစဉ် လည်လိမ် ဇက်ချိုးခံရလို့ ရရှိတဲ့ဒဏ်ရာနဲ့ ဥဒုံဌာနီပြည်နယ်မှာ ဒီဇင်ဘာလ ၈ ရက်က သေဆုံးခဲ့ရပါတယ်။
Ref-Bangkok post