၉.၁၂. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလျံရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့သော International Debt Report 2024 အစီအရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီစုစုပေါင်း ၁၂ ဒသမ ၁ ဘီလျံ၏ ၆ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၂၀ သန်းက တရုတ်နိုင်ငံက ချေးယူထားခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ငွေကြေးနှင့်အထောက်အပံ အများအပြားလုပ်ဆောင်ထားသော နိုင်ငံဖြစ်ပြီး ပြည်ပကြွေးမြီ စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းက ဂျပန်နိုင်ငံမှဖြစ်ကြောင်း၊ မြန်မာနိုင်ငံတင်ရှိနေသော ပြည်ပကြွေးမြီစုစုပေါင်း ၁၂ ဘီလျံကျော်အနက် ဂျပန်နိုင်ငံထံမှ ချေးယူထားသော ကြွေးမြီစုစုပေါင်းက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅၆ ဘီလျံဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ပုဂ္ဂလိက ငွေကြေးချေးယူသူများထံမှ ငွေကြေးများ ချေးယူထားပြီး အကြွေးစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းက ပုဂ္ဂလိကငွေကြေးချေးငှားသော အဖွဲ့အစည်းများထံမှ ဖြစ်သည်။
ယင်းအပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုတိုးတက်ရေးဘဏ် အပါအဝင် နိုင်ငံတကာ ဘဏ်လုပ်ငန်းများထံမှလည်း ငွေကြေးချေးယူထားပြီး နိုင်ငံတကာ ငွေကြေးအဖွဲ့စည်းများထံမှ ချေးယူထားသော ငွေကြေးသည် မြန်မာနိုင်ငံတင်ရှိနေသောအကြွေးစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ မီးလင်းချိုင်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ဓာတ်ငွေ့အရည်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့သစ်စီမံကိန်းများကဲ့သို့သော အခြေခံအဆောက်အဦများကို တည်ဆောက်ရန် စီစဉ်ထားသည်။
Ref, theprint