၉. ၁၂. ၂၀၂၄
Translated by Tha Doe
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ထိုင်း – မြန်မာနယ်စပ်၊ မယ်ဟောင်ဆိုင်ခရိုင် အတွင်းမှာရှိတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ စစ်တပ်စခန်း (၇) ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်ခဲ့သလို ထိုင်းသတင်းဌာနတွေမှာလည်း ရေးသားခဲ့ကြအပြီးမှာ မြန်မာပြည်တွင်း၊ ပြည်ပနဲ့ တခြားသော မီဒီယာတွေက ထိုင်းစစ်တပ်နဲ့ “ဝ” တပ်ကြား စစ်ရေးတင်းမာမှုပြင်ဆင်နေပြီလို့ ကောလဟာလသတင်းတွေကို မဟုတ်မမှန် ရေးသားခဲ့ကြပြီး လူထုတွေကြား မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ “ဝ” တပ်ဟာ ထိုင်းစစ်တပ်ရဲ့ ရန်သူမဟုတ်သလို တိုက်ပွဲဖြစ်ပွားမယ့် စစ်ရေးသတင်းအမှားတွေကို မီဒီယာတွေက မဟုတ်မမှန်လုပ်ကြံ ရေးသားတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြား ငြိမ်းချမ်းရေးသည်သာ အဓိကလမ်းကြောင်း ဖြစ်တာကြောင့် “ဝ” ပြည်နယ်အနေနဲ့လည်း ငြိမ်းချမ်းရေးကိုသာ လိုလားပြီး သတင်းအမှားတွေကို သေချာစိစစ်ပြီးမှ ယုံကြည်ကြဖို့ လူထုကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
“ဝ”လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ တပ်စခန်း (၉) ခုကို ထိုင်းစစ်တပ်ဘက်က ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထား ဖယ်ရှားခိုင်းတာ မှန်ကန်ကြောင်း၊ “ဝ”အနေနဲ့လည်း မြန်မာပြည်ပိုင်နက်ဖြစ်လို့ အချုပ်အခြာအာဏာကာကွယ်ဖို့လိုကြောင်း၊ ဒီကိစ္စက အစိုးရချင်းဖြေရှင်းရမှာဖြစ်လို့ SAC အစိုးရကို တင်ပြထားကြောင်း၊ ထိုင်းစစ်တပ်ဘက်က တပ်အင်အားတိုးချဲ့မှုရှိကြောင်းနဲ့ “ဝ” နဲ့ ထိုင်းစစ်တပ်က တာဝန်ရှိသူတွေက အခြေအနေတည်ငြိမ်နေကြောင်း ထုတ်ဖော်ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း မြန်မာပြည်တွင်း စစ်ပွဲအခြေအနေတွေကြောင့် နယ်နိမိတ်ပိုင်းခြားမပြီးသေးတဲ့အခြေအနေမှာ နယ်မြေအငြင်းပွားမှုက ယတိပြတ်ဆုံးဖြတ်နိုင်ဖို့ မလွယ်သလို ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးမဟာဗျူဟာနဲ့ အမျိုးသားပြုပြင်ပြောင်းလဲရေးကော်မတီကလည်း ဒီဇင်ဘာ ၁၃ ရက်မှာ “ဝ”အရေး အပါအဝင် နယ်စပ်ရေးရာတင်းမာမှုတွေကို ဆွေးနွေး ဖြေရှင်းဖို့ စီစဉ်နေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref Khaosod & Bangkok Post