၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်ဆက်ခ်ယိုအနေနဲ့ လွန်ခဲ့တဲ့ရက်သတ္တပတ် ဒီဇင်ဘာလ ၃ ရက်က အချိန်ခြောက်နာရီသာကြာတဲ့ မအောင်မြင်တဲ့စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ခဲ့တဲ့အတွက် သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တခြားစွဲချက်တွေနဲ့ အမှုဖွင့်ခံထားရခြင်းအတွက် သူ့အပေါ် ခရီးသွားခွင့်ပိတ်ပင်မှု ပြဌာန်းတင်းကျပ်ဖို့ လိုမလားဆိုတာ ရဲတပ်ဖွဲ့က စိစစ်လျက်ရှိတယ်လို့ ဒီဇင်ဘာလ ၉ ရက်မှာ ပြောခဲ့ပါတယ်။
သမ္မတယွန်ကို စုံစမ်းစစ်ဆေးမှုတွေပြုဖို့ ရဲတပ်ဖွဲ့က မှတ်တမ်းတင်ခြင်းခံထားရတဲ့အပြင် နိုင်ငံတော် သစ္စာဖောက်မှု၊ အမိန့်ဖီဆန်မှုနဲ့ အာဏာအလွဲသုံးစားပြုမှုတွေနဲ့လည်း အမှုဖွင့်တရားစွဲခံထားရတာပါ။ ဒီအမှုတွေမှာ သူတင်မကပါဘူး၊ စစ်အုပ်ချုပ်ရေးလုပ်ဆောင်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တခြားအဆင့်မြင့် အစိုးရအရာရှိကြီးတွေနဲ့ စစ်ဘက်အရာရှိတွေလည်း တရားစွဲခံထားရပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတအပေါ် ဘာကြောင့် ခရီးသွားခွင့်ပိတ်ပင်မှု မပြဌာန်းသေးတာလဲလို့ ရဲတပ်ဖွဲ့ကိုမေးမြန်းချက်အပေါ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့အချက်မှန်သမျှ ပြည့်စုံအောင် အရင် ရယူရပါတယ်။ သမ္မတအနေနဲ့ ပြည်ပကို ထွက်ခွာနိုင်ခြေရှိမရှိ အပါအဝင် ပြည့်စုံတဲ့စိစစ်လေ့လာချက်အပေါ်မှာအခြေခံပြီးမှ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
သမ္မတကို ဝရမ်းထုတ်ခြင်းမရှိဘဲ ဖမ်းဆီးနိုင်ခြေရှိမရှိဆိုတာမှာလည်း အဆိုပါရဲတပ်ဖွဲ့ တာဝန်ရှိသူက လိုအပ်ချက်တွေပြည့်စုံရင် ဖြစ်နိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ သမ္မတယွန်ကို လူပုဂ္ဂိုလ်ချင်း တွေ့ဆုံမေးမြန်းမှု မပြုခဲ့ရသေးပါဘူး။
အမျိုးသားရဲတပ်ဖွဲ့ ရဲ့ စုံစမ်းထောက်လှမ်းရေးရုံး အကြီးအကဲ ဝူဂျွန်ဆူးက စုံစမ်းထောက်လှမ်းမှုတစ်ခုကို ပြုလုပ်ဖို့အတွက် လူပုဂ္ဂိုလ်ဆိုင်ရာ ဒါမှမဟုတ် ကိုယ်ကာယပိုင်းဆိုင်ရာ ကန့်သတ်တင်းကျပ်မှုရယ်လို့ မရှိပါဘူးလို့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါသေးတယ်။
ရဲတပ်ဖွဲ့က အခုအခါ သမ္မတအပေါ် စွပ်စွဲချက်တွေအတွက် ထောက်လှမ်းရေးသမား ၁၅၀ ခန့်ပါတဲ့ အထူးအဖွဲ့ကို အမှု ကိုင်တွယ်ဖို့ ဖွဲ့စည်းထားပါတယ်။
အဆင့်မြင့်အရာရှိကြီးတွေကို လာဘ်စားမှုအတွက် စုံစမ်းထောက်လှမ်းရေးဌာနကလည်း ဒီအမှုကို သူတို့ထံလွှဲပြောင်းပေးဖို့ ရဲတပ်ဖွဲ့ကိုတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
Ref- Yonhap