၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံတွင် သမ္မတအာဆတ်၏ အစိုးရပြုတ်ကျပြီး အတိုက်အခံ သူပုန်တပ်ဖွဲ့များက နိုင်ငံကိုထိန်းချုပ်ထားခဲ့ပြီးနောက်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ်ရပ်စဲထားသည့် ကြားခံနယ်ကို သိမ်းပိုက်ထားရန် အစ္စရေးစစ်တပ်အားအမိန့်ပေးခဲ့ကြောင်း သိရသည်။ ၎င်းက သူပုန်တပ်ဖွဲ့များအာဏာရရှိပြီးနောက်တွင် ဆီးရီးယားနှင့် တိုက်ခိုက်မှုများ ရပ်ဆိုင်းရေး သဘောတူညီမှုက ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေတန်ရာဟုက “ကျွန်တော်တို့အနေနဲ့ ဘယ်လို ရန်လိုတိုက်ခိုက်လိုတဲ့တပ်ဖွဲ့တွေကိုမှ ကျွန်တော်တို့ နိုင်ငံနယ်စပ်မှာ ထားခွင့်ပေးမှာမဟုတ်ဘူး” လို့လည်းပြောခဲ့ပါတယ်။ ယူနိုက်တစ်ကင်းဒမ်းအခြေစိုက် စစ်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ဆီးရီးယားတပ်ဖွဲ့များက အပစ်အခတ်ရပ်စဲရေးဇုန်အတွင်းတည်ရှိသည့် ကူနီထရာ(Quneitra)ပြည်နယ်ရှိ ၎င်းတို့ စခန်းများမှ ဒီဇင်ဘာလ ၇ ရက်ကပင် ထွက်ခွာသွားကြကြောင်း ပြောခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်တွင် အစ္စရေးတပ်ဖွဲ့များက ဒေသအတွင်း ဆီးရီးယားကျေးရွာများတွင် နေထိုင်သူများကို နောက်ထပ် သတိပေးချက်မပြုမချင်း မိမိတို့အိမ်များတွင်သာ နေကြရန်ပြောခဲ့သည်။
ဂိုလန်ကုန်းမြင့်ဒေသက ကျောက်ဆောင်ကျောက်တုံးများပေါများသော ကုန်းပြင်မြင့်ဒေသတစ်ခုဖြစ်ပြီး ဒမတ်စကပ်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀(မိုင် ၄၀) အကွာတွင် တည်ရှိသည်။ အစ္စရေးတို့က ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအပြီးတွင် ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားထံမှရယူခဲ့ပြီး ၁၉၈၁ ခုနှစ်တွင်မူ ၎င်းပိုင်နယ်မြေအဖြစ် တစ်ဖက်သတ် ကျူးကျော်သိမ်းပိုက်ထားခဲ့သည်။ ထိုသို့ပြုလုပ်မှုကို နိုင်ငံတကာက အတည်မပြုကြသော်လည်း အမေရိကန်က တစ်ဖက် သတ်ထောက်ခံခဲ့သည်။
နေတန်ရာဟုက အစ္စရေးတပ်ဖွဲ့များ၏ ကြားခံနယ်မြေအတွင်း ဆီးရီးယားတပ်ဖွဲ့များ၏ နေရာများကို သိမ်းပိုက်ရယူထားမှုမှာ သင့်တော်သောစီစဉ်မှု ပြုလုပ်ပြီးသည်အထိ ကာကွယ်ရေးအနေအထားအရ ယာယီသိမ်းပိုက်ခြင်းသာဖြစ်ကြောင်း၊ ဆီးရီးယားတွင် အသစ်ပေါ်ထွန်းလာမည့်တပ်ဖွဲ့များနှင့် ချစ်ကြည်သော အိမ်နီးချင်းဆက်ဆံရေး၊ ငြိမ်းချမ်းသောဆက်ဆံရေးများ တည်ထောင်ရန်သာ အစ္စရေးကလိုလားကြောင်း ပြောကြားခဲ့သေးသည်။
သို့သော် အစ္စရေးတို့က သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတွင် ယခုအခါထောင်ပေါင်းများစွာသော အစ္စရေးအခြေချနေထိုင်သူများက ဆီးရီးယားနိုင်ငံသား ၂၀,၀၀၀ ခန်ုနှင့်အတူ နေထိုင်လျက်ရှိကြပြီး အများစုက အစ္စရေးတို့သိမ်းပိုက်ထားသော ဒရုဇ်မြို့တွင် ဖြစ်ကြောင်း သိရသည်။
Ref -bbc