◾ နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ သန်းခွဲခန့် ခွင့်ပြု
၉. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ သန်းခွဲခန့် ခွင့်ပြုပေးခဲ့၍ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့ခြင်းအပါ အဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၇၀ ကျော် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၈ ဒသမ ၇၂၈ သန်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇ ခုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ သုည ဒသမ ၉ သန်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ခု ခွင့်ပြုပေးခဲ့သည့်အပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့မှု ဒေါ်လာ ၄ ဒသမ ၈၅ သန်းရှိခဲ့၍ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဒသမ ၄၇၅ သန်း ခွင့်ပြုပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း အပါအဝင် ဒေါ်လာ ၈၇ သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်းအပါအဝင် ဒေါ်လာ ၉၂ သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၅ ခု၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မှုအပါအဝင် ဒေါ်လာ ၈ သန်းခွဲရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ခွင့်ပြုပေးခဲ့သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့ခြင်း ဒေါ်လာ ၁ သန်းကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၅၂၅ သန်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် ဒေါ်လာ ၄၅ သန်းနီးပါးရှိ ရင်းနှီးမြှုပ်နှံမှု ၂ ခု ခွင့်ပြုပေးခဲ့သည်။ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့မှု ဒေါ်လာ ၃၅ သန်းကျော်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇၁ သန်းကျော် ခွင့်ပြုပေးထားခြင်းဖြစ်သည်။
နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့်၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်အထိ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၆၂၁ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။