၉. ၁၂. ၂၀၂၄
Written by Thettant
ဇောက်တိမ်ပြီး ပြင်းအား ၄ ဒသမ ၅ ရစ်ချ်တာစကေးရှိတဲ့ ငလျင်တစ်ခု သိန္နီမြို့အနီးမှာ ဒီနေ့မနက်က လှုပ်ခတ်သွားတာကြောင့် နေအိမ်အချို့ ကွဲအက်ပျက်စီးခဲ့တယ်လို့ မြေငလျင်သတင်းများစင်တာနဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီ၊ ၂၈ မိနစ်၊ ၃ စက္ကန့်အချိန် သီပေါမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် ၆၉ မိုင်ခန့်၊ မြန်မာနိုင်ငံ ပြည်တွင်း သိန္နီမြို့ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၃၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၀၃ ဒီဂရီ အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂၁၄ မိုင်) ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တာပါ။
ဒီလှုပ်ခတ်မှုက ၆ ကြိမ်ထက်မနည်း လှုပ်ရှားခဲ့တာလို့လည်း သိရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ဖက်ကာမြို့တွေမှာ ငလျင်ပြင်းအားကို သိသိသာသာခံစားခဲ့ရပြီး ကွတ်ခိုင်မှာဆို နေအိမ်တွေ၊ မျက်နှာ ကြက်တွေ ကွဲအက်တာပါဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီမနက် လှုပ်ခတ်တဲ့ငလျင်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်ညက လှုပ်ခတ်ခဲ့ပြီး လူ ၇၄ ဦးကျော်သေဆုံးရသလို ပျက်စီး ဆုံးရှုံးမှုများတဲ့ တာလေငလျင်နဲ့ ဆက်နွှယ်မှု ရှိမရှိတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နဲ့ လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်သွားတဲ့ တာလေငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၈ ဖြစ်ပြီး အနက် ၁၀ ကီလိုမီတာအကွာက လှုပ်ခဲ့သလို ရစ်ချ်တာစကေး ၄ ဒသမ ၈ နဲ့ ၅ ဒသမ ၄ ရှိတဲ့ နောက်ဆက်တွဲငလျင် ၂ ခုနဲ့ ပြင်းအား ၅ နဲ့ ၆ ဒသမ ၂ ရှိတဲ့ ငလျင်တွေလည်း ဆက်လက်လှုပ်ခတ်ခဲ့သေးတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း တိုက်ကြီးမြို့အနီး ဗဟိုပြုလို့ ဇောက်တိမ်ပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာပါ။ ငလျင်က အင်အားနည်းပါးပေမဲ့ ဇောက်တိမ်ပြီး မြေကြီးအောက် ၆ မိုင်ကျော်က လှုပ်ခတ်တာဖြစ်လို့ တိုက်ကြီးမြို့နယ်နဲ့ ထိစပ်မြို့နယ်တွေဖြစ်တဲ့ မှော်ဘီ၊ ထောက်ကြံ့ စတဲ့ မြို့နယ်အချို့လည်း ငလျင်လှုပ်ခတ်မှုကို သိရှိလိုက်ကြတဲ့ ဖြစ်စဥ်ဖြစ်ခဲ့သေးတာပါ။
အခု ရက်ပိုင်းအတွင်း လူထုက သိရှိခံစားလိုက်ရတဲ့ ငလျင်မကြာခဏ လှုပ်ခတ်နေသလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ ၃၅ မိနစ်နဲ့ ၅ နာရီ ၄၈ မိနစ်ခန့်ကလည်း ကျိုက်လတ်မြို့နယ် အနောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာအကွာက ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်တာကြောင့် ကော့မှူးမြို့နယ်ရှိ ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခခဲ့သလို အိမ်နံရံပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကြံခင်းမြို့အနီး ဗဟိုပြုပြီး မြေကြီးအောက် ၃၁ မိုင်ခန့်အကွာက ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်လို့ ရန်ကုန်မြို့နယ်အချို့ပါ ငလျင်လှုပ်ခတ်မှု ခံစားလိုက်ရတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။
ပုံစာ။ ဒီနေ့ လှုပ်ခတ်တဲ့ ငလျင်ကြောင့်ဖြစ်ပွားရတဲ့ ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ – မိုးဇလ / မြေငလျင်သတင်းများစင်တာ)