၉. ၁၂. ၂၀၂၄
Translated by Thettant
ဥဒုံဌာနီပြည်နယ်က အနှိပ်ခန်းတစ်ခုမှာ အနှိပ်ခံပြီးနောက် သေဆုံးသွားတဲ့ ထိုင်းအမျိုးသမီးအဆိုတော်တစ်ဦးရဲ့ဖြစ်ရပ်ဟာ တနင်္ဂနွေနေ့မှာ အင်တာနက်အသုံးပြုသူတွေအကြား ပျံ့နှံ့သွားခဲ့တဲ့ ရေပန်းစားသတင်းတစ်ခုဖြစ်လာပါတယ်။
ဖြစ်စဥ်မှာ ပင်းချာရဒါဆိုတဲ့ အသက် ၂၁ နှစ်ခန့်သာရှိသေးတဲ့ ထိုင်းအမျိုးသမီး အဆိုတော်တစ်ဦးဟာ နိုဝင်ဘာလအတွင်းက မာဆတ်မှာ လည်ပင်းလိမ် ဇက်ချိုးခြင်းအပါအဝင် အနှိပ်ခံယူပြီးချိန်ကစ သူမခံစားနေရတဲ့ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာခဲ့တာပါ။ ချာရဒါဟာ ပခုံးနာကျင်မှုကို သက်သာစေဖို့ မာဆတ်သွား အနှိပ်ခံခဲ့ပေမဲ့ သူမရဲ့ဝေဒနာက မပျောက်တဲ့အပြင် နှစ်ရက်အကြာမှာပဲ သူမလည်ပင်းနောက်က နာကျင်လာပြီး ညာလက်မောင်းတွေ အားပျော့သွားခဲ့သလို ရက်သတ္တပတ်များစွာအကြာမှာတော့ သူမ ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းက သွက်ချာပါဒဖြစ်ခဲ့တာကို သူမရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပြီး သူမရဲ့ နောက်ဆုံးနေ့ရက်တွေကို စောင့်ဆိုင်းနေရပြီလို့ ရေးသားခဲ့ပါတယ်။
Drama Addict ဖေ့စ်ဘုတ်ခ်စာမျက်နှာက မနေ့က တနင်္ဂနွေကနေ့မှာ ချာရဒါ ကွယ်လွန်သွားပြီလို့ ထုတ်ပြန်ခဲ့သလို လည်ပင်းကို အလွန်အမင်းနှိပ်နယ်ခြင်းဟာ ဦးနှောက် ဒါမှမဟုတ် ကျောရိုးရှိ သွေးကြောတွေကို ပျက်စီးစေတတ်လို့ လည်ပင်းကို နှိပ်နယ်တဲ့အခါ သတိထားဖို့လည်း ပြောခဲ့ပါတယ်။
“လူတွေအနေနဲ့ လည်ပင်း ဒါမှမဟုတ် ကျောရိုးပေါ်နှိပ်နယ်ပေးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ခေါင်းကိုက်တာ၊ အော့အန်တာ၊ မူးဝေတာ ဒါမှမဟုတ် ခြေလက်အားနည်းနေသူတွေဟာ ဆရာဝန်နဲ့ပဲ ချက်ချင်းပြသသင့်တယ်” လို့ Drama Addict က သတိပေးခဲ့သလို ထိုင်းရိုးရာအနှိပ်ခန်းတွေမှာလည်း လည်ပင်းလိမ်တာ၊ ဇက်ချိုးတာမျိုး ဆက်မပြုလုပ်ဖို့နဲ့ ဒဏ်ရာရအောင် နှိပ်နယ်ပေးမှု ရပ်တန့်ဖို့ အနှိပ်သမားတွေကို တိုက်တွန်းထားပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းအာရုံကြောပညာရှင် ဒေါက်တာ Thiravat Hemachudha ကလည်း လည်ပင်းလိမ်တာ ဒါမှမဟုတ် သားအိမ်ခေါင်းနေရာက ကျောရိုးကို နှိပ်နယ်ပေးတာဟာ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တယ်လို့လည်း Facebook မှာ သတိပေး ပြောကြားခဲ့ပါတယ်။
Ref, The Nation