၉.၁၂.၂၀၂၄.
Translated by Htwe Ko Tun
ရုရှားအစိုးရ သတင်းအရင်းအမြစ်များအရ ရုရှားအစိုးရက ဆီးရီးယားနိုင်ငံတွင် ဒီဇင်ဘာလ ၈ ရက်က မြို့တော်ဒမတ်စကပ်ကို သူပုန်တပ်ဖွဲ့များက သိမ်းယူခဲ့ပြီးနောက် နိုင်ငံမှထွက်ပြေးလာသော ဆီးရီးယား သမ္မတဟောင်း ဘရှာ အယ်လ် အာဆတ် ၎င်း၏ မိသားစုအဖွဲ့ဝင်များကို ရုရှားနိုင်ငံတွင် နိုင်ငံရေးခိုလှုံ ခွင့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းအရင်းအမြစ်က အာဆတ်နှင့် မိသားစုဝင်များသည် မော်စကိုမြို့သို့ လေကြောင်းဖြင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ရုရှားအစိုးရက လူသားချင်းစာနာထောက်ထားမှုအရစဉ်းစား၍ ၎င်းတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရုရှားအစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ် ပြောကြားလျက်ရှိကြောင်း၊ ကုလသမဂ္ဂ ကြားခံသော ညှိနှိုင်းဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး တိုက်တွန်းလျက်ရှိကြောင်းလည်း ထိုသတင်းအရင်းးအမြစ်က ဆိုသည်။
ထို့ပြင် ၎င်းက ရုရှားအရာရှိများမှ ဆီးရီးယားအတိုက်အခံ သူပုန်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အမြဲ ထိတွေ့မှုရှိကြောင်း၊ သူပုန်တပ်ဖွဲ့ခေါင်းဆောင်များကလည်း ဆီးရီးယားနိုင်ငံအတွင်းရှိ ရုရှားနိုင်ငံ၏ စစ်အခြေစိုက်စခန်းများနှင့် သံတမန်များ၏ လုံခြုံရေးအတွက် အာမခံထားကြောင်းလည်း ပြောခဲ့သည်။
အာဆတ်မှာ လေယာဉ်ဖြင့်ထွက်ပြေးစဉ် ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့အနီးတွင် လေယာဉ်ပျက်ကျသေဆုံးခဲ့သည်ဟု ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းက ခိုင်မာမှုမရှိသော သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။
Ref-Tass