MT News
၉. ၁၂. ၂၀၂၄
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ရာဂီမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးကို ကြုံတွေ့ခဲ့ရပြီး အဆိုပါမုန်တိုင်းနှစ်ခုအနက် ရာဂီကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ကျပ်ဘီလျံ ၃၀ ကျော်ဖိုး ပြန်လည်ကူညီထောက်ပံ့ပေးထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှုများကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၈)ခုတွင် ပျက်စီးဆုံးရှုံးမှုများအား မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ရုံးအဆောက်အဦ ပျက်စီးမှုများအပါအဝင် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၄၄ ဘီလျံကျော်၊ လူနေအိမ်ပျက်စီးမှု၊ ပုဂ္ဂလိကစက် ပုဂ္ဂလိကစက်ရုံအလုပ်ရုံပျက်စီးမှု၊ လယ်ယာမြေစိုက်ပျိုးထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများပျက်စီးမှု၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလျံကျော်၊ စုစုပေါင်းငွေကျပ် ၄၆၆ ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မေလအတွင်း ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့်အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၀၀ ဘီလျံကျော်၊ လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် ၄၃၃ ဘီလျံကျော်၊ စုစုပေါင်း ငွေကျပ် ၅၃၄ ဘီလျံကျော် ဆုံးရှုံးခဲ့ရသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈ ရာခိုင်နှုန်းခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ရေဘေးစတင် ဖြစ်ပွားသည်မှ ၂၀-၁၁-၂၀၂၄ ရက်အထိ ရေဘေးသင့်ပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ငွေကျပ် ၅ ဒသမ ၂၂၃ ဘီလီယံကျော်၊ သေဆုံးသွားသူများ၏ မိသားစုများအား ထောက်ပံ့မှုအတွက် ငွေကျပ် ၄၄၆ ဒသမ ၈၀၀ သန်းကျော်၊ နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် ၂၀ ဒသမ ၅၀၆ ဘီလျံကျော်၊ နေ့စဉ် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးစေ့၊ သွင်းအားစု၊ အိမ်မွေးနှင့် လယ်ယာသုံးတိရစ္ဆာန်များထောက်ပံ့မှု ငွေကျပ် ၄ ဒသမ ၇၃၂ ဘီလျံကျော် အပါအဝင် စုစုပေါင်းငွေကျပ် ၃၀ ဒသမ ၇၇၉ ဘီလျံကျော်ကို ထောက်ပံ့ထားပြီး ဖြစ်သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး (၁)လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လမ်းပျက်စီးမှု၏ ၇၃ ဒသမ ၂၃ ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏ ၄၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက်ပျက်စီးမှု၏ ၆၇ ဒသမ ၃၅ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်သည်။
ထို့အတူ မိုးစပါးပျက်စီးဧကများ အနက် ပြန်လည်စိုက်ပျိုးရန်လျာထားမှု၏ ၇၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြန်လည်စိုက်ပျိုးပြီးဖြစ်သလို ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလွှမ်းခြုံနိုင်ခဲ့ကြောင်းနှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေး အရှိန်အဟုန်ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။