၈.၁၂.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံသားက ကားကို ခေတ္တရပ်ထားစဉ် မြန်မာနိုင်ငံသားက ခိုးယူမောင်းပြေးသော်လည်း မလွတ်ဘဲ ဓာတ်တိုင်ဖြင့်တိုက်မိ၍ ဒဏ်ရာလည်းရရှိပြီး အဖမ်းလည်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ခေါင်လွှမ်မြို့နယ်၊ ခေါင်ဆောင်ကျေးရွာအနီးက Seven Eleven စတိုးဆိုင်အတွင်း ပစ္စည်းဝယ်ရန် ထိုင်းနိုင်ငံသားက ကားကို လမ်းဘေး၌ ရပ်ထားစဉ် အဆိုပါ မြန်မာနိုင်ငံသားက ခိုးယူမောင်းပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မောင်းပြေးစဉ် လမ်းကွေ့တစ်နေရာအရောက်တွင် လမ်းဘေးမီးတိုင်ကို အရှိန်မထိန်းနိုင်သောကြောင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် ခိုးယူမောင်းနှင်ထွက်ပြေးသူနောက်သို့ အဖွဲ့လိုက် လိုက်လာခဲ့သောကြောင့် ကားခိုးသွားသည့် မြန်မာနိုင်ငံသားကို ဝိုင်းဝန်းဖမ်းမိခဲ့ကြောင်း သိရသည်။
ကားခိုးသူ မြန်မာနိုင်ငံသားမှာ အသက် ၂၄ နှစ်အရွယ် လင်းလင်းကို ဆိုသူ ဖြစ်ပြီး ခိုးယူခဲ့သည့်ကားမှာ အသက် ၄၃ နှစ်အရွယ် Mr. Atthaphon Rueangsri မောင်းနှင်လာသော ကားဖြစ်ကြောင်း၊ ကားတိုက်မှု ကြောင့် ဒဏ်ရာရခဲ့သော မြန်မာနိုင်ငံသားကို Karunwet ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့် ကားပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်း(၁) တန်ခန့်ပျက်စီး ဆုံးရှုံးခဲ့ရကာ ဓာတ်တိုင်လည်း ကျိုး၍ ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် ကားခိုးသူ လင်းလင်းကို က ကားခေါင်းခန်းတွင် ညပ်နေသောကြောင့် ကားအတွင်းမှ ဖြတ်ထုတ်စက်ဖြင့် ကားခေါင်းခန်းကိုဖြတ်တောက် ထုတ်ယူခဲ့ရကြောင်း၊ ဆေးကုသမှု ခံယူပြီးပါက ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။