နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိ ဂဝံပန်းပုနှင့် ယဥ်ကျေးမှုလက်ရာများ သမိုင်းအမွေများ လေ့လာနိုင်
MT News
Written by Thi Ha
မွန်ပြည် ဘီးလင်းမြို့ ဇုတ်သုတ်စံပြကျေးရွာ၌ ရှေးဟောင်းသမိုင်းဝင် သုဝဏ္ဏဘူမိသာသနာ့မြို့တော်ဟောင်း ဂဝံယဥ်ကျေးမှု သုတေသနပြတိုက်သစ်ဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက်တွင် ဖွင့်လှစ်သည့်အခန်းအနားကျင်းပပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အခြေပြုတည်ရှိခဲ့သည့် ကျိုက်ထီးဆောင်းဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ဘုရားပရဝုဏ်အတွင်းရှိ ရှေးဟောင်းဂဝံလက်ရာများ မပျောက်ပျက်စေရေးနှင့် ဂဝံသာသနာ့မြို့တော်ဟောင်း၏ ဂဝံယဥ်ကျေးမှုလက်ရာများကို သမိုင်းသုတေသနပညာရှင်များ လေ့လာနိုင်ရေးအတွက် အဆိုပါပြတိုက်ကို ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျိုက်ထီးဆောင်းဆံတော်ရှင်ကုန်းတော်ပေါ်မှာ စက်အင်အား၊ လူအင်အားတွေ ပေါင်းစပ်ပြီး ဂဝံကျောက်တွေ ကို ဒီနေ့အထိ ထုတ်ယူသုံးစွဲနေပါတယ်။ ပထမ အဘိုးဆရာတော်ဘုရားကြီးအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တပညာဒီပ (ပထမဒီပ) ရဲ့ ရည်ရွယ်ရင်းစွဲ အာသီသက ခေတ်သစ် ဂဝံအနုပညာ လက်ရာနဲ့ ခေတ်ဟောင်းလက်ရာတွေ ပူးတွဲပြီး ဂဝံယဥ်ကျေးမှု ဆက်လက်အဓွန့်ရှည်အောင် ဖော်ဆောင်ချင်တာပါ။ ၁၉၅၀ ကတည်းက သစ်သားပြတိုက်ဆောင်ကလေးနဲ့ ဒီ ဇုတ်သုတ်ကျေးရွာတစ်ဝိုက်ကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက် ထားတာပါ။ အခု ၂၀၂၃ ခုနှစ်မှာတော့ ပြတိုက်သစ်ကြီးကို ခန်းခန်းနားနားဖွင့်လှစ်ပြီး မြန်မာနိုင်ငံရဲ့ပထမဆုံး ဂဝံ ယဥ်ကျေးမှုပြတိုက်အဖြစ် အနယ်နယ် အရပ်ရပ်က အခမဲ့ လာရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပြသထားတာပါ” ဟု ပြတိုက်တာဝန်ခံ ဒေါ်စိုးနွယ်ဦးက MT News သို့ ပြောသည်။
ပထမဆရာတော်ဘုရားကြီး၏ သာသနာ့အမွေ၊ ပညာ့အမွေကို ဆက်ခံတော်မူသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘဒ္ဒန္တနာဂဒီပ ကျိုက်ထီးဆောင်း ဒုတိယဒီပ ဆရာတော်ဘုရားကြီးက ပထမဒီပဆရာတော်ဘုရားကြီး၏ဆန္ဒတော်ကို ဖြည့်ဆည်းတော်မူသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ သီတင်းကျွတ်လပြည့်နေ့ (၁၃. ၁၀.၂၀၁၉ )ခုနှစ်တွင် စတင်၍ မင်္ဂလာပန္နက်တင် အခန်းအနားပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဂဝံယဥ်ကျေးမှုလက်ရာ ပြတိုက်အဆောက်အဦကြီး တည်ဆောက်ပြီးစီးခဲ့သည်ဟု သိရသည်။
ပြတိုက်တွင် တူးဖော်ရရှိသော ဂဝံပန်းပုလက်ရာများ၊ ဘုရားဆင်းတုတော်များ၊ ဂဝံထီးတော်များအပါအဝင် ခေတ်အဆက်ဆက်က ကိုးကွယ်လာခဲ့ကြသည့် ဗုဒ္ဓဆင်းတုတော်များ၊ ငွေထည်၊ ကြေးထည်၊ ယွန်းထည်၊ ပေစာ၊ ပုရပိုက်စာများ၊ မွန်ရိုးရာ အထိမ်းအမှတ် အလေးများ၊ အိုးများ စသည်တို့ကိုပြသထားပြီး ပြခန်းပေါင်း ၁၅ ခန်းကို လေ့လာကြည့်ရှု့နိုင်မည်ဖြစ်သည်။