၈.၁၂. ၂၀၂၄
Translated by Thettant
ဒီတနင်္ဂနွေရဲ့ မနက်အစောပိုင်းက စစ်ဆင်ရေးတစ်ခုမှာ နိုင်ငံခြားသားသုံးဦးအပါအဝင် တက်ရောက်သူ ရာနဲ့ချီရှိတဲ့ ဘန်ကောက်မြို့လယ်က လိင်တူချစ်သူတွေရဲ့ Gay Party တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းမိသူတွေကို နာရီပေါင်းများစွာကြာအောင် မူးယစ်ဆေးဝါးစစ်ဆေးမှု ခံယူစေခဲ့ပါတယ်။
ဘန်ကောက်မြို့ မြောက်ကလောင်တိုးခရိုင်က ဟိုတယ်တစ်ခုရဲ့အလွှာ ၂၀ က အခန်း ၂၀၀၁ မှာ တရားမဝင်ပါတီဆင်နွှဲပြီး မူးယစ်ဆေးဝါး သုံးစွဲနေတယ်လို့ ဒီဇင်ဘာ ၆ ရက်က ထောက်လှမ်းသတင်းရရှိခဲ့တာကနေ ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့လည်း သောင်လာ ရဲစခန်းက ရဲမှူးကြီး ပန်ဆာ အမရပိတက်က ပြောပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၇ ရက်မှာ ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းဖို့ စီစဉ်ခဲ့ပြီး သန်းခေါင်ယံကျော်စအချိန် ဒီဇင်ဘာ ၈ ရက်အကူး နံနက် ၁ နာရီ ၃၀ မိနစ်မှာ စစ်ဆင်ရေး တာဝန်ရှိတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထားရာ Gay Party အခန်းထဲ ဝင်ရောက်စီးနင်းခဲ့တာပါ။
ဒီလိုဝင်ရောက်စီးနင်းချိန်မှာ ထိုင်းနိုင်ငံသားရာချီပါဝင်ပြီး နိုင်ငံခြားသားသုံးဦးပါ ပါတဲ့ Gay ပါတီဝင် ရာနဲ့ချီ အမျိုးသားအားလုံးဟာ ဆင်တူ အတွင်းခံတွေ ၀တ်ဆင် ပျော်ပါးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက Gay တွေကို စစ်ဆေးချိန်မှာ မူးယစ် စိတ်ကြွဆေးပြား Ecstasy နဲ့ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါး Ketamine တွေကို ကနဦး ရှာဖွေတွေ့ရှိခဲ့အပြီးမှာ Gay Party တက်ရောက်လာသူအားလုံးကို သောင်လာ ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။
ပဏာမ စုံစမ်းစစ်ဆေးမှုအရ Gay Party ဆင်နွှဲသူတွေထဲမှာ တီဗီစီးရီးသရုပ်ဆောင်၊ ကျော်ကြားတဲ့ အလှပြင်ဆေးခန်းရဲ့ အမှုဆောင်ဟောင်း၊ ပါမောက္ခတွေ၊ ဆရာဝန်တွေနဲ့ ထင်ရှားကျော်ကြားသူတွေ အပါအဝင် တက်ရောက်သူ ၁၂၀ ခန့်ကို ဖမ်းဆီးခဲ့တာပါ။ နိုင်ငံခြားသား သုံးဦးထဲမှာ တစ်ဦးက ဗီယက်နမ်နိုင်ငံသားဖြစ်ပြီး အမျိုးသမီး အနည်းငယ်လည်း ပါဝင်ပါတယ်။ လတ်တလောမှာတော့ ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားမှုမရှိသေးပါဘူး။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုအရ Gay ပါတီဝင်တွေဟာ ဟိုတယ်မှာ မတွေ့ဆုံမီ အစောပိုင်းက စုဝေးပွဲလည်း တက်ရောက်ခဲ့သေးတာပါ။ Gay Party စီမံခန့်ခွဲသူတွေဟာ တက်ရောက်မဲ့သူတွေကို သေချာစိစစ်သလို သီးသန့် Chat Group ကတစ်ဆင့်လည်း ကြိုတင်စာရင်းပေးသွင်းဖို့ လိုအပ်တာပါ။ သောင်လာရဲတပ်ဖွဲ့က ဒီ Gay Party အဖွဲ့ထဲ စိမ့်ဝင်ဖို့ ကြိုးပမ်းပေမဲ့ မအောင်မြင်တဲ့အဆုံးမှာ စီးနင်းဖို့ ဆုံးဖြတ်ခဲ့လိုက်ရတာပါ။
လက်ရှိမှာတော့ ဖမ်းဆီးခံ Gay အကျဉ်းသားအားလုံးဟာ စစ်ဆေးမှုရလဒ်များအပေါ်မူတည်လို့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စွဲချက်တင်ခံထားရသလို လက်ရှိမှာတော့ ဒီအမှုကို သောင်လာ ရဲစခန်းက ဆက်လက်စစ်ဆေးနေဆဲပါ။